News

POST TYPE

REGIONAL

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းဇီယာ သူမ၏ နိုင်ငံရေးအနာဂတ်အတွက် တိုက်ပွဲဝင်လျက်ရှိ
16-Aug-2018


ဒက္ကား ဩဂုတ် ၁၅

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏ ထောက်ခံသူများက သူမသည် အကျဉ်းကျရာမှ လွတ်မြောက်ကာ နှစ်ကုန်တွင် ရွေးကောက်ပွဲဝင်နိုင်မည်ဟု မျှော်လင့်နေကြသော်လည်း နိုင်ငံရေးအကဲခတ်များကမူ အကောင်းရှုမြင်မှုမရှိကြကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

စွဲချက်ပေါင်းများစွာကို ရင်ဆိုင်နေရသော အသက် ၇၂ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ဇီယာသည် သူမ၏ မိဘမဲ့ဂေဟာရန်ပုံငွေမှ တာကာ ၂၁ သန်း (ဒေါ်လာ ၂၄၈,၀၀၀ ခန့်) ကို ကိုယ်ပိုင်ငွေစာရင်းသို့ ရွှေ့ပြောင်းမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်းခံရပြီးနောက် ဖေဖော်ဝါရီလမှစ၍ ဒက္ကားအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်။

ဇီယာသည် ဂေဟာအမှုတွင် အာမခံရထားသော်လည်း သူမအား လွှတ်ပေးရန် ဆိုင်းငံ့ထားခြင်းကို ခံနေရသည်။ သူမအပေါ် အမှုပေါင်း ၃၅ မှုဖြင့် စွဲချက်တင်ထားခြင်းသည် နိုင်ငံရေးကလိန်ကျမှုဖြစ်သည်ဟု သူမ၏ထောက်ခံသူများက ပြောကြားသည်။ ဇီယာသည် ရှိတ်ဟက်ဆီနာ ၇၀ နှစ် ဦးဆောင်သည့် အာဏာရ အဝါမီလိခ်ပါတီ၏ အကြီးမားဆုံးပြိုင်ဖက်ဖြစ်သည်။

ဇီယာ၏ နိုင်ငံရေးအနာဂတ်မှာ အခြေအနေမကောင်းသော်လည်း သူမ၏ BNP ပါတီခေါင်းဆောင်များက သူမ အကျဉ်းကျရာမှ လွတ်မြောက်ကာ ၂၀၁၈ နှစ်ကုန် ရွေးကောက်ပွဲများကို ပါဝင်ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ချက်ထားနေကြဆဲဖြစ်သည်။

ဇီယာ၏ရှေ့နေ အာမက်က သူမ၏အမှုစစ်ဆေးရာတွင် မလိုအပ်သော ကြန့် ကြာမှုများ ရှိနေကြောင်း၊ လက်ရှိအစိုးရက သူမအား ရွေးကောက်ပွဲဝင်ခွင့်ပြုရန် မလိုလားကြောင်း၊ ထို့ပြင် အခြေခံဥပဒေဆိုင်ရာ အတားအဆီးလည်း ရှိနေကြောင်း မှတ်ချက်ပေးသည်။

အခြေခံဥပဒေအရ စာရိတ္တပျက်ယွင်းမှုဖြင့် ပြစ်ဒဏ်ကျခံရသူများကို ရွေးကောက်ပွဲဝင်ခွင့် ၂ နှစ် ပိတ်ပင်ထားသည်။ 

သို့ရာတွင် အထက်ခုံရုံးက သူမအပေါ် စီရင်ချက်နှင့် ပြစ်ဒဏ်ကို ဆိုင်းငံ့ထားနိုင်ခွင့်ရှိပြီး ထိုသို့ဖြစ်လာပါက ဥပဒေပိုင်းအတားအဆီး မရှိနိုင်တော့ဟု သိရှိရသည်။

ထင်ရှားသော နိုင်ငံရေးအကဲခတ် ဘာဒူအလမ်မာဂျမ်ဒါကမူ “အပြီးသတ်ဆုံးဖြတ်ချက်ကို ရွေးကောက်ပွဲကော်မရှင်က ချမှတ်ပါလိမ့်မယ်။ အရာရာက နောက် နှစ်လ သုံးလကြာရင် ဘာဖြစ်မလဲဆိုတဲ့အပေါ် မူတည်နေတယ်။ အခု အခြေအနေက ပိုပြီးတော့ ရှုပ်ထွေးလာတယ်” ဟု ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်၌ ၁၉၉၀ ခုနှစ် ဆန္ဒပြပွဲများအပြီးတွင် အာဏာရှင်သမ္မတ အာရှက်၏ အုပ်စိုးမှု အဆုံးသတ်သွားပြီးနောက် ၁၉၉၁ တွင် ခါလီဒါဇီယာသည် ပထမဆုံး ရွေးချယ်တင်မြှောက်ခံ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ထို့နောက်တွင် ဇီယာ၏ BNP ပါတီနှင့် ရှိတ်ဟက်ဆီနာ၏ အဝါမီလိခ်ပါတီတို့သည် အဓိကပြိုင်ဖက်များဖြစ်လာခဲ့ပြီး တစ်ပြန်တစ်လှည့်စီ အာဏာရခဲ့ကြသည်။

F-04