News

POST TYPE

REGIONAL

ခန္တီးမြို့နယ် တိုက်တီးကျေးရွာတွင် လူတစ်ရာကျော် တုပ်ကွေးရောဂါဖြစ်
16-Aug-2018

ကလေး၊ ဩဂုတ် ၁၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ရွာသူရွာသားစုစုပေါင်း လူတစ်ရာကျော်သည် ရာသီဥတုကြောင့် ဖြစ်ပွားတတ်သည့် တုပ်ကွေးရောဂါ ဖြစ်ပွားသဖြင့် ကျန်းမာရေးဌာနကကွင်းဆင်းဆေးကုသပေးလျက်ရှိကြောင်း ခန္တီးမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ပြောကြားသည်။ 

အဆိုပါကျေးရွာရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၆၄ ဦးနှင့် ရွာသူ၊ ရွာသား ၅၀ ဦးခန့်သည် ရာသီဥတုကြောင့်ဖြစ်သည့် တုပ်ကွေးရောဂါ ဖြစ်ပွားနေသည်ဟုသိရသဖြင့် ခန္တီးခရိုင် ဆရာဝန်ကြီးဒေါက်တာ ဒေါ်လေးဖြူပြာအောင်နှင့် ကျန်းမာရေးမှူးများအပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ဩဂုတ်လ ၁၄ ရက်နေ့မှ စ၍ ကွင်းဆင်းဆေးကုသ စောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

“မနေ့ကတော့ ဒီကမြို့နယ်ကျန်းမာရေးရော ဆရာဝန်ကြီးတွေရော သွားရောက်ဆေးကုသမှု ပြုလုပ်ပေးနေတယ်။ ဖြစ်တာကတော့ သာမန်အဖျားပါပဲ”ဟု ခန္တီးမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ဆိုသည်။ 

ကွင်းဆင်းဆေးကုသမှုကို တိုက်တီးကျေးရွာအပါအဝင် ယင်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများသို့လည်း ကွင်းဆင်းကာ ဆေးကုသမှုပြုလုပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးဟောပြောမှုများကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

တိုက်တီးကျေးရွာသည် ခန္တီးမြို့နှင့် ကချင်ပြည်နယ် တနိုင်းမြို့အကြားတွင် ခန္တီးမြို့မှ မိုင် ၅၀ နီးပါးအကွာတွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကာ ခန္တီးမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေဖြင့် သွားရောက်မှသာရသည့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာလည်းဖြစ်သည်။

R-20