News

POST TYPE

REGIONAL

နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ၁၈၀၀ ကျော် တိုက်ပွဲရှောင်
16-Aug-2018



လားရှိုး၊ ဩဂုတ် ၁၅ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ နှစ်ဖက်စစ်ရေးတင်းမာနေသည့်အခြေအနေကြောင့် ကျေးရွာအသီးသီးမှ ဒေသခံ ရွာသူ၊ ရွာသား ၁၈၀၀ ကျော်သည် ကြိုတင်တိမ်းရှောင်နေပြီး နီးစပ်ရာဘုန်းကြီးကျောင်းများ၌ ခိုလှုံနေထိုင်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။

နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာအပြင် နမ့်စီလင်းနှင့် မန်လီကျေးရွာများမှ ဒေသခံ ၁၃၀၀ ကျော်သည် နမ္မတူမြို့နယ်၊ မန်စံဘုန်းကြီးကျောင်း၌ လတ်တလောခိုလှုံနေပြီး ပန်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံ ၅၀၀ သည်လည်း သီပေါမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေကြောင်း ၎င်းတို့ထံမှ သိရသည်။

“တိုက်နေကြပြီလားဆိုတော့ မတိုက်သေးဘူး။ စစ်ရေးကတော့အင်အားတွေ ဖြည့်နေကြတာတွေ့ရတယ်။ ရွာတွေနားမှာ လှုပ်ရှားသွားလာနေကြတာကို ရွာသားတွေကမြင်နေရတော့ တိုက်ပွဲအကြားညှပ်မှာကို စိုးရိမ်ပြီး တိမ်းရှောင်လာကြတာ” ဟု နမ္မတူမြို့နယ်မှ စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောဆိုသည်။ 

မိုင်းမုကျေးရွာအတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံ ၈၀၀ ကျော်သည် ဩဂုတ်လ ၆ ရက်နေ့မှစ၍ နမ္မတူမြို့နယ်၊ မန်စံကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာပြီး ဩဂုတ်လ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့တွင် နမ့်စီလင်းနှင့် မန်လီကျေးရွာများမှ ဒေသခံများထပ်မံရောက်ရှိလာခြင်းကြောင့် လူပေါင်း ၁၃၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း၊ စာရင်းအတိအကျကို ကောက်ယူမရနိုင်သေးဘဲ ရွာသားများမှာ ရွာအလိုက် တဖွဲဖွဲရောက်လာခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အလားတူပင် နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာဒေသခံများကို ဩဂုတ်လ ၁၃ ရက်နေ့က လူဦးရေ ၃၀၀၊ ဩဂုတ်လ ၁၄ ရက်နေ့က လူဦးရေ ၁၀၀ နှင့် ဩဂုတ်လ ၁၅ ရက်နေ့က လူဦးရေ ၁၀၀ ကို ၎င်းတို့၏အကူအညီတောင်းခံမှုအရ မော်တော်ယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရာ သီပေါမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းသုံးခု၌ ခိုလှုံနေထိုင်နေကြောင်း၊ ထပ်မံ၍လည်း ရွာများမှ ရောက်လာဦးမည်ဖြစ်ကြောင်း သီပေါမြို့မှ နယ်စည်းမခြားပရဟိတလူမှုကူညီရေးအသင်းမှ ကိုမျိုးက ပြောကြားသည်။

နမ္မတူမြို့နယ်အတွင်းရှိ မိုင်းမု၊ ပန်လုံ၊ နမ့်စီလင်းနှင့် မန်လီကျေးရွာများအနီးတွင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်နေခြင်း မဟုတ်ဘဲ နေရာယူခြင်း၊ ပြင်ဆင်ခြင်း၊ သွားလာခြင်းတို့ ပြုလုပ်နေပြီး တစ်ဖက်နှင့်တစ်ဖက် ခြောက်လှန့်ပစ်ခတ်သည့် အသံများကိုကြားရကြောင်း၊ တပ်မတော်စစ်ကြောင်းများကလည်း နယ်မြေလုံခြုံရေးအတွက် အင်အားဖြည့်လာရောက်နေခြင်း၊ လုံခြုံရေးလှည့်လည်ဆောင်ရွက်နေခြင်းတို့ကို တွေ့မြင်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

R-07