News

POST TYPE

REGIONAL

ကျိုင်းတုံတွင် ဌာနဆိုင်ရာအရာရှိများကို ပြည်သူ့ဝန်ဆောင်မှု သင်တန်းစပေး
14-Aug-2018



ကျိုင်းတုံ၊ ဩဂုတ် ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဟိုတယ်သစ်ကြီးတွင် ဩဂုတ် ၁၃ ရက်နေ့မှစတင်၍ ဌာနဆိုင်ရာ အရာရှိများကို ပထမဆုံးအကြိမ်အဖြစ် ပြည်သူ့ဝန်ဆောင်မှု သင်တန်း (Civil Service Training) ကို စတင်သင်ကြားပေးကြောင်း ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဦးသန်းမြင့်က ပြောကြားသည်။

“ပြန်ကြားရေးဝန်ကြီးဌာန၊ ဂျာမန်ဖောင်ဒေးရှင်းနဲ့ ပညာအသင်းတို့ပူးပေါင်းပြီး ဌာနဆိုင်ရာတွေကို လူ့စွမ်းအား အရင်းအမြစ်တွေ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီးတော့ ဒီသင်တန်းကို ဖွင့်လှစ်တာပါ”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

အဆိုပါသင်တန်းတွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲခြင်း၊ လိုက်နာရမည့် ကျင့်ဝတ်များ၊ ပြည်သူ့ရေးရာ၊ မူဝါဒရေးရာ၊ နိုင်ငံတော် စီးပွားရေး တိုးတက်မှုဆိုင်ရာများ၊ အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ခြင်းဆိုင်ရာ သင်ခန်းစာများ စသည်တို့ကို နိုင်ငံခြားသား ပညာရှင်များနှင့် ပြည်တွင်းမှ ပညာရှင်များက သင်ကြားပေးမည်ဖြစ်ကြောင်း ပညာအသင်း (PANNA INSTITUTE) မှ အမှုဆောင်အရာရှိ ဦးဖေအောင်ဇင်က ပြောဆိုသည်။

ယင်းသင်တန်းကို ဩဂုတ် ၁၃ ရက် မှ ၁၇ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိ ၃၄ ဦးတက်ရောက်ကြောင်း ၂၀၁၃ ခုနှစ်ကစတင်ပြီး ယင်းကဲ့သို့သော သင်တန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြစ်ကြီးနား၊ တောင်ကြီး၊ ဟားခါး၊ လွိုင်ကော်စသည့် နယ်မြို့များတွင် ၃၄ ကြိမ် ဖွင့်လှစ်ပြီးဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

R-16