News

POST TYPE

REGIONAL

အလုပ်သမားများကို လစာမပေးဘဲ ပိတ်သွားသည့် ပခုက္ကူစက်ရုံ ၂ ရုံ လစာပေးရန်သဘောတူ
13-Aug-2018

မကွေး၊ ဩဂုတ် ၁၃

မကွေးတိုင်း ပခုက္ကူမြို့ရှိ အထည်ချုပ်စက်ရုံသုံးခုသည် အလုပ်သမားများကို လစာမပေးဘဲ ပိတ်သွားရာမှ ယခုအခါစက်ရုံ ၂ ရုံမှ အလုပ်သမား ၅၀ ကျော်ကို လစာပြန်ပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ပြောကြားသည်။

ယခုလစာပြန်ပေးရန် သဘောတူညီခဲ့သည့် စက်ရုံ ၂ ရုံသည် Myanmar Magic Link Co.Ltd နှင့် Fu Feng အထည်ချုပ်စက်ရုံများဖြစ်ပြီး ၎င်းတို့မှ ဇူလိုင်လအတွက် မပေးခဲ့သည့် လစာ ၂ လစာကို ပြန်လည်ပေးချေမည် ဖြစ်သော်လည်း Fuan Feng အထည်ချုပ်စက်ရုံမှ အလုပ်သမား ၂၆၀ ဦးကို လစာပြန်လည်ပေးအပ်ရန် သဘောတူညီမှုမရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဩဂုတ် ၁၂ ရက်နေ့က စက်ရုံ ၃ ခုမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် စက်ရုံ ၂ ရုံမှ တာဝန်ရှိသူများနှင့် သဘောတူညီမှု ရရှိခဲ့သော်လည်း လစာရရှိရန် ကျန်ရှိနေသူများအတွက် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဦးဟန်ဝင်းဇော်ကဆိုသည်။

“အလုပ်ခွင်မှာ တာဝန်ထမ်းဆောင်ထားတဲ့ လစာ တစ်လစာမပေးနိုင်ဘူး။ အခုဟာက အလုပ်ရှင်ဘက်က ဖောက်ဖျက်တဲ့အနေအထားဖြစ်နေတာ။ အဲဒါကို ဥပဒေအတိုင်းဖြစ်ဖို့ အလုပ်သမားတွေဘက်က ဆောင်ရွက်ပေးနေတာ။ နစ်နာကြေးကို အလုပ်သမား ဥပဒေအတိုင်းပေးဖို့ ဆောင်ရွက်သွားမယ်”ဟု ဦးဟန်ဇော်ဝင်းက ပြောဆိုသည်။

ဇူလိုင်နှင့် ဩဂုတ်လများအတွက် လစာပေးရန်၊ စက်ရုံများ ပြန်လည်လည်ပတ်ပါက အလုပ်ပြန်ပေးရန်တို့ကို တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်များကို ရက်သတ္တတစ်ပတ်အတွင်း မညှိနှိုင်းပေးပါက လျော်ကြေးတောင်းဆိုမည်ဖြစ်ကာ မရပါက ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အလုပ်သမားကိုယ်စားလှယ် ဦးအောင်သူဝင်းစိန်က ပြောဆိုသည်။

ရပ်စဲသွားသည့်စက်ရုံ ၃ ၏ ပိုင်ရှင်များမှာ တစ်ဦးနှင့်တစ်ဦး လုပ်ငန်းချင်း ဆက်စပ်လျက်ရှိပြီး အဆိုပါစက်ရုံ (၃)ခုမှ Fu Feng  အထည်ချုပ်စက်ရုံ၏ ပိုင်ရှင်ဖြစ်သူ ထိုင်ဝမ်နိုင်ငံသား Mr.Li Kai Hung က အလုပ်သမား လစာများပေးချေနိုင်ခြင်းမရှိ၍ ထွက်ပြေးသွားသဖြင့် စက်ရုံများ ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ထွက်ပြေးသွားသည့် Li Kai Hung ၏ Fu Feng အထည်ချုပ်စက်ရုံကို Myanmar Magic Link Co.Ltd က တရားဝင်ပြန်လည်လွှဲပြောင်းရယူရန် တာဝန်ရှိသူများနှင့်ညှိနှိုင်းနေပြီး အဆင် မပြေပါက Fu Feng စက်ရုံကို ချိတ်ပိတ်ကာ စက်ရုံအတွင်းရှိ ပစ္စည်းများကို ဥပဒေနှင့်အညီ ရောင်းချပြီး အလုပ်သမားများ၏လစာများ ပေးချေမည်ဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

R-23