News

POST TYPE

REGIONAL

ကနီမြို့နယ်တွင် ဝက်နားရွက်ပြာရောဂါဖြစ်


မုံရွာ၊ ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာရှိ ဝက်များတွင် ဝက်နားရွက်ပြာရောဂါဖြစ်ပွားနေခြင်းကြောင့် ဝက်များသေဆုံးမှု ရှိနေကြောင်း သမင်ခြံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးလွင်က ပြောကြားသည်။ 

ယင်းရောဂါကြောင့် ဇူလိုင်လ၂၀ ရက်နေ့မှ ယနေ့အထိ ဝက်အကြီး ၁၃ ကောင်၊ ဝက်အငယ် ၁၀ ကောင် စုစုပေါင်းဝက်၂၃ ကောင် သေဆုံးခဲ့ပြီး နားရွက်ပြာ ကာကွယ်ဆေးထိုးနှံရန် အခက်အခဲများရှိနေကြောင်း ၎င်းက ပြောဆိုသည်။

“ရောဂါဖြစ်ပွားခါစက ဝက်နားရွက်ပြာရောဂါမှန်းမသိလို့ နားရွက်ပြာ ကာကွယ်ဆေးမထိုးခဲ့သေးဘူး။ မြို့နယ် မွေးမြူရေးက ထိုးပေးတာက အခြားဆေးတွေပဲ။ ဌာနက ကုသဆေးကို အခမဲ့ပေးနိုင်ပြီး ကာကွယ်ဆေးကို အခမဲ့ထုတ်မပေးနိုင်တော့ ကျေးရွာမှာက ဝယ်ထိုးဖို့ ငွေကြေးအခက်အခဲရှိပါတယ်”ဟု ဦးမိုးလွင်က ရှင်းပြသည်။ 

ဝက်နားရွက်ပြာရောဂါ ကာကွယ်ဆေးမှာ တစ်ဘူးလျှင် ကျပ်သုံးသောင်းရှိ၍ ဝက် ၁၀ ကောင်သာ ထိုးနှံနိုင်သဖြင့် တစ်ကောင် ကျပ်သုံးထောင်ကုန်ကျမည်ဖြစ်၍ ဝက်မွေးမြူသည့်သူများစုပေါင်း ထိုးနှံကြလျှင် ကုန်ကျစရိတ်သက်သာနိုင်၍ ထိုးလိုသည့် ဝက်ပိုင်ရှင်များကို စာရင်းကောက်နေကြောင်း သမင်ခြံကျေးရွာ ဒေသခံများထံမှ သိရသည်။

တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဝက်များသေဆုံးမှု သတင်းရရှိသည့် ဇူလိုင်လ၂၈ ရက်နေ့ မှစ၍ ဝက်များကို ကုသမှုပေးခဲ့ကြောင်း၊ နားရွက်ပြာရောဂါဖြစ်ပွားသည်ကို မန္တလေးမြို့သို့ ဝက်သေပို့ စစ်ဆေးပြီးနောက် ဩဂုတ်လ ၈ ရက်နေ့က သိရကြောင်း၊ ယင်းရောဂါကာကွယ်ဆေးအတွက် အစိုးရက ဘတ်ဂျက်ချပေးထားခြင်းမရှိကြောင်း တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာမြင့်စိုးက ပြောကြားသည်။

“ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ တခြားရွာတွေကို ကူးစက်ခြင်းမရှိပါဘူး။ နားရွက်ပြာကာကွယ်ဆေး ထိုးဖို့ကတော့ အစိုးရဘတ်ဂျက်မရှိဘူး”ဟု ၎င်းက ဆိုသည်။ 

ကနီမြို့နယ်၊ သမင်ခြံကျေးရွာတွင် ဝက်များသေဆုံးမှုသည် ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ၂၈ ရက်နေ့တွင် မြို့နယ်နှင့် တိုင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုသမှုနှင့် ကာကွယ်ရေးဆေးဖျန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 

R-08