News

POST TYPE

REGIONAL

ချင်းတွင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် အိမ်ထောင်စု ၂၀၀ နီးပါး ပြောင်းရွှေ့
25-Jul-2016 tagged as

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ကမ်းဘေးရှိ မြို့များအတွင်း မြစ်ရေများ ဝင်ရောက်သဖြင့် အိမ်ထောင်စု ၂၀၀ နီးပါး ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ခန္တီးခရိုင် အုပ်ချုပ်ရေမှူး ဦးဇော်ဇော်က ပြောသည်။

မြစ်ရေသည် ဇူလိုင် ၂၂ ရက်မှ စတင်မြင့်တက်နေခြင်း ဖြစ်ပြီး ယနေ့ (ဇူလိုင် ၂၅ ရက်) အရောက်တွင် ခန္တီး၊ ဟုမ္မလင်း မြို့များရှိ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီ ဖြစ်သဖြင့် မြို့နယ်များအတွင်း မြစ်ရေများ ဝင်ရောက်ပြီး အနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သူများသည် ကုန်းမြင့်များပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြခြင်း၊ အိမ်အမြင့်များပေါ်သို့ ပြောင်းရွှေ့နေထိုင်ရခြင်းနှင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပစ္စည်းများ ပြောင်းရွှေ့ထားရပြီး ယနေ့အထိ ကောက်ယူရရှိသည့် စာရင်းများအရ ခန္တီးမြို့မှ အိမ်ထောင်စု ၁၇၀ စု၊ ဟုမ္မလင်းမြို့မှ အိမ်ထောင်စု ၂၄ စုသည် မြင့်ရာသို့ ပြောင်းရွှေ့နေထိုင်နေရသည်ဟု ဦးဇော်ဇော်က ပြောသည်။
“ဒီမြို့တွေက နှစ်စဉ် မြစ်ရေတက်တာ ကြုံတွေ့နေကျဆိုတော့ လက်ရှိအချိန်ထိတော့ အခက်အခဲ မရှိသေးပါဘူး။ ရက်ကြာလာရင်တော့ အခက်အခဲ ရှိလာနိုင်တဲ့အတွက် လိုအပ်တဲ့ အကူအညီပေးနိုင်ဖို့ ဆောင်ရွက်ထားပြီးပါပြီ” ဟု ၎င်းက ပြောဆိုသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် မြင့်တက်ပြီးပါက ချင်းတွင်းမြစ် အောက်ဖက်ရှိ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့များတွင်ပါ မြင့်တက်သဖြင့် မြစ်ကမ်းနေ ပြည်သူများ အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြစ်ကြောင်းတစ်လျှောက် လူနေထိုင်သည့် နေရာများတွင် ရေကင်းများချခြင်း၊ အစားအသောက်နှင့် ဆေးဝါးများ အဆင်သင့် ပြင်ထားခြင်း၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားခြင်းများ ကြိုတင်စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တိုင်းညွန်ကြားရေမှူး ဦးဆဝီလျှံက ပြောသည်။

  • TAGS