News

POST TYPE

REGIONAL

မောင်တောတွင် စည်ပင်ဝင်ငွေနည်း၍ ဖွံ့ဖြိုးလုပ်ငန်းများလျှော့ချ
20-Jul-2018
စစ်တွေ၊ ဇူလိုင် ၁၉ 

မောင်တောမြို့နယ်၌၂၀၁၈-၁၉ ခုနှစ် ၆ လတာ မီနီဘတ်ဂျက်တွင် စည်ပင်သာယာရေးအဖွဲ့၏ ဝင်ငွေနည်းပါးသဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲဖြစ်နေခြင်းကြောင့် လုပ်ငန်းများ လျှော့ချလိုက်ရကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ဆိုသည်။

မောင်တောမြို့နယ်တွင် ယခင်က စည်ပင်လုပ်ငန်းလိုင်စင် ၄၀ ကျော်ရှိခဲ့ပြီး အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် လုပ်ငန်းလိုင်စင် ၂၆ ခုသာ ကျန်ရှိကြောင်း၊ မီနီဘတ်ဂျက်တွင် စည်ပင်သာယာရေးအဖွဲ့၏ ဝင်ငွေ ကျပ်သိန်း ၁၅၀၀ ကျော်ရသော်လည်း ကျပ်သိန်း ၁၁၀၀ ကျော်မှာ ကုန်ကျစရိတ်များနှင့် ဝန်ထမ်းများလစာပေးရသည့်အတွက် ကျပ်သိန်း ၄၀၀ ခန့်သာကျန်ကြောင်း ၎င်းက ရှင်းပြသည်။

“အရင်လို လူတွေမှ မရှိတော့တာ၊ ကျွန်တော်တို့မှာ ဝင်ငွေက လစာလည်း ပေးရတယ်။ ပြီးတော့ လစာနှစ်ဆလေ၊ ဝင်ငွေအပေါ်မှာမူတည်ပြီး အလုပ်လုပ်နေရတာဆိုတော့ ဝင်ငွေနည်းလာတာနဲ့အမျှ စည်ပင်လုပ်ငန်းတွေ ကြန့်ကြာလာမယ်၊ အရင်က လမ်း ၁၀ လုပ်ရင် အခုတစ်လမ်းပဲလုပ်နိုင်မယ်”ဟု ၎င်းက ဆိုသည်။ 

မောင်တောမြို့နယ်တွင် ယခင်က ကျေးရွာများ၌ ကိုယ်ပိုင်ဈေး ၂၆ ဈေးရှိခဲ့သော်လည်း ယခုအခါ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပိတ်ပင်လိုက်သဖြင့် မြို့မဈေးတစ်ခုသာ ကျန်ရှိကြောင်း၊ သားသတ်လိုင်စင်မှာလည်း မြို့မဈေးတစ်ခုသာရှိပြီး ကူးတို့လိုင်စင် လုပ်ငန်း ၅ ခုသာ ကျန်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မြို့မဈေး သားသတ်လိုင်စင်ဈေးသည် ၂၀၁၇-၁၈ ခုနှစ်က ကျပ်သိန်း ၅၅၀၀ ရှိခဲ့သော်လည်း ယခုနှစ် မီနီဘတ်ဂျက်တွင် လေလံသုံးကြိမ်တိုင်တိုင် ခေါ်ယူခဲ့သည့် အပြင် အိတ်ဖွင့်ခေါ်ယူသော်လည်း လေလံဆွဲယူမည့်သူမရှိ၍ လက်ရှိလုပ်ကိုင်နေသူအား ကျပ်သိန်း ၃၁၀ ဖြင့် ပေးလိုက်ရကြောင်း ဦးရွှေမောင်က ရှင်းပြသည်။

“အရင်လည်း အစိုးရကပံ့ပိုးမှုတော့ ရှိတယ်။ ကျွန်တော်တို့မှာက ဒီ ၆ လတာ မီနီဘတ်ဂျက်မှာ လွှတ်တော်က ၆ ဘီလီယံ ဖြတ်တောက်လိုက်တဲ့အတွက် မထောက်ပံ့နိုင်ဖြစ်သွားတယ်၊ ဒါပေမဲ့ ဘတ်ဂျက်ကြီးမှာတော့ ၁၀ ဘီလီယံ ကျော်လောက် စည်ပင်သာယာရေးကို ပံ့ပိုးဖို့ အပိုင်းတွေရှိတယ်”ဟု ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဦးဝင်းမြင့်က ဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ပိုလျှံရန်ပုံငွေများကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခု ခွဲဝေပေးရာတွင် မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့၌ ကျပ်သိန်း ၄၀၀ ကျော် ရရှိခဲ့ပြီး မောင်တောမြို့ဝင် မုခ်ဦးတည်ဆောက်ခြင်း၊ မီးသြင်္ဂိုလ်စက်၊ လမ်းမီးရရှိ ရေး စသည်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်က ပြောကြားသည်။ 

R-22


  • VIA