News

POST TYPE

REGIONAL

သင်္ဘောကွေ့ကျေးရွာ ခေါင်းဆောင်တစ်ဦးကို အမှု ၅ ခုဖြင့် အမှုဖွင့်ထား
16-Jul-2018
စစ်တွေ၊ ဇူလိုင် ၁၅ 

မောင်တောမြို့နယ်ရှိ ရွှေ့ပြောင်းရခိုင်တိုင်းရင်းသားအချို့ နေထိုင်သော သင်္ဘောကွေ့ရွာမှ ကျေးရွာခေါင်းဆောင် ဦးထွန်းမြင့်ဦးကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ကာ ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း မောင်တောမြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါရွာတွင်နေထိုင်သူများကို ၇ ရက်အတွင်း ပြောင်းရွှေ့ရန် ညွှန်ကြားသော်လည်း မပြောင်းရွှေ့ခြင်း၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေရန် ပြောဆိုခြင်း၊ ညွှန်ကြားခြင်းများ မလိုက်နာခြင်းတို့ကြောင့် ကျေးရွာခေါင်းဆောင် ဦးအောင်နိုင်၊ ဦးထွန်းမြင့်ဦးနှင့် ၎င်း၏ဇနီး ဒေါ်ဥမ္မာကျော်တို့ကို ဇူလိုင်လ ၆ ရက်က ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားသည်။ 

ဇူလိုင်လ ၉ ရက်မှစ၍ သင်္ဘောကွေ့ ကျေးရွာရှိအိမ်များကို အာဏာပိုင်တို့က ဖြိုဖျက်ရာ ဦးထွန်းမြင့်ဦးနေအိမ်မှာ ကျည်ဆန်တစ်ထောင့်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံး၊ ဓားရှည် ၁၀၀ ကျော်၊ စကားပြောစက် ငါးလုံး၊ ပြောက်ကျား ယူနီဖောင်း ၅၀ ကျော်တို့ကို တွေ့ရှိခဲ့ကြောင်း မောင်တောမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ တွေ့ရှိမှုနှင့်ပတ်သက်၍ လက်နက်ဥပဒေ ပုဒ်မ ၁၉ (က)၊ ၁၉ (စ)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၀ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ တို့ဖြင့် မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ ဦးထွန်းမြင့်ဦးသည် ပြည်သူ့စစ်ဖွဲ့ရန်အတွက် ယူနီဖောင်း အထည် ၃၅၀ ကျော်ကို ဝယ်ယူကာ ကျေးရွာများသို့ဖြန့်ထားခဲ့ပြီး ၎င်းထံ၌ အထည် ၅၀ သာ ရှိတော့ကြောင်း ၎င်းထံမှသိရသည်။

“ဓားတွေဘာလုပ်ဖို့လဲဆိုတော့ သိုင်းသင်ဖို့တဲ့၊ ကျည်ဆန်ကတော့ ကလေးတွေကောက်ရလို့ သူ့လာပေးလို့ သိမ်းထားတာတဲ့ လက်ပစ်ဗုံးကတော့ အဲဒီရွာ အနောက်ဘက်မှာ ဘင်္ဂါလီတွေ လိုဏ်ဂူတွေ လုပ်ထားတာရှိတယ်။ အဲဒီဂူတွေကို စစ်ကြောင်းက သူ့ကိုမှာထားခဲ့တယ်။ မကြာခဏ သွားကြည့်လို့၊ အဲဒီလိုသွားကြည့်တဲ့အခါ ကောက်ရတာလို့ပြောတယ်။ အဲဒါတွေကို ရွာကိစ္စနဲ့ပြဿနာဖြစ်နေလို့ အပ်ဖို့အချိန်မရလို့ ပြောတယ်”ဟု ယင်းရဲအရာရှိက ဆိုသည်။

လက်ရှိအထိ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရသူ ဦးအောင်နိုင်ကို မဖမ်းမိသေးပေ။ 

သင်္ဘောကွေ့ရွာတွင် နေထိုင်သော ရွှေ့ပြောင်းရသော ရခိုင်တိုင်းရင်းသား ၂၀၀ ကျော်ကို အင်းဒင်ကျေးရွာတွင်နေရန် အာဏာပိုင်များက နေရာချထားသော်လည်း ကျေးရွာတွင် အခြေချနေထိုင်ရန် အဆင်မပြေသဖြင့် ဒေသခံများက မပြောင်းရွှေ့ကြကြောင်း၊ ဇူလိုင်လ ၉ ရက်မှစ၍ အာဏာပိုင်များက တဲများကိုဖြိုဖျက်သဖြင့် ကျေးရွာနေသူ ၂၀၀ ကျော်မှာ ကျောက်ပန္ဒူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေထိုင်နေကြောင်း၊ ၎င်းတို့ကို အရပ်ဘက်အဖွဲ့ အစည်းအချို့နှင့် ရခိုင်အမျိုးသားပါတီတို့က ကူညီထောက်ပံ့ကြောင်း နေထိုင်သူများထံမှ သိရသည်။ 

R-22



  • VIA