News

POST TYPE

REGIONAL

ဖားကန့်တွင် တောင်ကမ်းပါးယံပြိုကျ၍ လူ ၁၀ ဦးကျော်သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ
14-Jul-2018

မြစ်ကြီးနား၊ ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်မှော်ရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တောင်ကမ်းပါးယံပြိုကျမှုကြောင့် လူ ၂၀ ကျော်ဒဏ်ရာရပြီး ရေမဆေးကျောက်ရှာဖွေသူ အများအပြား သေဆုံးနိုင်ကြောင်း ယင်းဒေသခံများက ပြောကြားသည်။

“လောလောဆယ် အဲဒီကလွတ် လာတဲ့တစ်ယောက်က ပြောတာတော့ လူတစ်ရာလောက် သေနိုင်တယ်လို့သိရတယ်။ တောင်ကမ်းပါးယံပြိုတာပေါ့။ ပြိုရတဲ့အကြောင်းရင်းက ဘယ်ဘက်ကခွဲတာလည်းတော့ မသိဘူးပေါ့။ အဲဒီမှာ ကျောက်မိုင်းသုံးလုံးခွဲတာ အဲဒီအရှိန်ကြောင့် မြေတုန်ခါပြီးပြိုတယ်လို့သိရတယ်”ဟု ဆိတ်မူ ကျေးရွာအုပ်စု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောဆိုသည်။

အဆိုပါမြေပြိုမှုကြောင့် လူတစ်ရာခန့် သေဆုံးနိုင်သည်ဟု အနီးနားဝန်းကျင်မှဒေသခံများ၏ အဆိုအရသိရပြီး သေဆုံးမှု စာရင်းအတိအကျကို မသိရသေးဘဲ ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း ဖားကန့်မြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဒေါ်မိုးမိုးက ပြောကြားသည်။

ယင်းသို့ တောင်ကမ်းပါးယံပြိုကျမှုကြောင့် လုံးခင်းဆေးရုံ၌ ဒဏ်ရာရရှိသူ လူ၂၀ ကျော်ရောက်ရှိနေပြီး နှစ်ဦးသေဆုံးကြောင်း၊ လူသေဆုံးမှုနှင့် ဒဏ်ရာရရှိသူစာရင်းကို အတိအကျ မသိရသေးကြောင်း လုံးခင်းဆေးရုံသို့ ရောက်ရှိကူညီဆောင်ရွက်ပေးနေသူ ဦးထွန်းထွန်းက ပြောကြားသည်။

“အခု မြေဆက်ဖော်နေတုန်းပဲ ရှိသေးတယ်။ ဘယ်လောက်အထိ သေဆုံးတယ်၊ ဒဏ်ရာရတယ်ဆိုတာ မသိရသေးဘူး။ လူနာတင်ကားတွေတော့သွားတုန်းပဲ”ဟု ၎င်းက ပြောဆိုသည်။

ယင်းမြေပြိုမှုကြောင့် သေဆုံးသူ နှင့် ဒဏ်ရာရရှိသူများနှင့် ပတ်သက်ပြီး အသေးစိတ်ကို မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ဖားကန့်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုက ပြောကြားသည်။

ဖားကန့်ဒေသတွင် ယခုနှစ်အတွင်း မြေပြိုကျမှုများ မကြာခဏ ဖြစ်ပွားနေပြီး ရေမဆေးကျောက်ရှာဖွေသူများ သေဆုံးခဲ့သည်။

R-06