News

POST TYPE

REGIONAL

မောင်တော၌ ခွင့်ပြုချက်မဲ့ ကျေးရွာသစ်ထူထောင်သူ အမျိုးသားအိမ်၌ လက်ပစ်ဗုံးနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိ
13-Jul-2018
ရန်ကုန်၊ ဇူလိုင် ၁၂

မောင်တောမြို့နယ် တောင်ပိုင်း၌ ခွင့်ပြုချက်မဲ့ သင်္ဘောကျေးရွာသစ် ထူထောင်သူ အမျိုးသားအိမ်မှ လက်ပစ်ဗုံးနှင့် ဆက်စပ်ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းဆီးရရှိခဲ့ကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

“အိမ်တွေကို ရှင်းလင်းရင်း တွေ့တာပါ။ အိမ်ရှင် ဦးထွန်းမြင့်ဦးနဲ့ သူ့ဇနီးကို ဖမ်းဆီးထားတယ်။ ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ သင်္ဘောကွေ့ကျေးရွာတွင်နေထိုင်သော မိသားစုဝင်များကို ယင်းကျေးရွာ၌ မနေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလက တစ်ကြိမ်သတိပေးပြောဆိုခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်၌ ဒုတိယအကြိမ်အဖြစ် တစ်ပတ်အတွင်း ထွက်ခွာပေးရန် ထပ်မံပြောဆိုသော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ဇူလိုင်လ ၉ ရက်က မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်များကို ဖြိုဖျက်ရှင်းလင်းခဲ့ရာ ကျေးရွာသစ်ထူထောင်သူ အမျိုးသားအိမ်မှ လက်ပစ်ဗုံးအပါအဝင် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ ဖမ်းဆီးမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူရန် စစ်ဆေးနေဆဲဖြစ်ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။

လက်ရှိတွင် ယင်းကျေးရွာသစ်ကို ဖြိုဖျက်ခဲ့မှုကြောင့် သင်္ဘောကွေ့ကျေးရွာရှိ လူဦးရေ ၂၀၀ ကျော်မှာ ကျောက်ပန္ဒူကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း မောင်တောမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့အပြင် ကျေးရွာမှထွက်ခွာပေးရန် ရဲတပ်ဖွဲ့က သတိပေးပြောဆိုရာတွင် ဦးထွန်းမြင့်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဥမ္မာကျော်အပါအဝင် ဦးအောင်နိုင်တို့ကို နိုင်ငံတော်နှင့် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များကို ပုတ်ခတ်ပြောဆိုသည့်အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားကြောင်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ 

J-17


  • VIA