News

POST TYPE

REGIONAL

ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်တွင် ငြိမ်းချမ်းရေး စကားဝိုင်းလုပ်မည်
မော်လမြိုင်၊ ဇွန် ၁၂

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်သို့ ယခုရက်ပိုင်းအတွင်း လာရောက်မည်ဖြစ်ပြီး ဒေသခံလူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများထံမှ သိရသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့်သူများက မွန်ပြည်နယ်အစိုးရရုံးတွင် ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန်အတွက် ဆွေးနွေးမည်ဖြစ်ကြောင်း လူငယ်ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကရင်လူမျိုး ကိုစောကျော်မိုးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်မြို့သို့ ဇွန်လ ၁၄ ရက်တွင် လာရောက်နိုင်ဖွယ်ရှိသည့် သတင်းများထွက်ပေါ်နေကြောင်း မွန်ပြည်နယ် NLD အဖွဲ့ဝင်များထံမှသိရသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် မွန်ပြည်နယ်မှ မွန်လူငယ်၂ ဦး၊ ဗမာ ၂ ဦး၊ ကရင် ၂ ဦးနှင့် ပအို့ဝ်း ၂ ဦး စုစုပေါင်း လူငယ် ၈ ဦးတို့က ဦးဆောင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၆ ဦးကို အတည်ပြုထားပြီး ၎င်းတို့အနက် အမျိုးသမီး ၂ ဦး ပါဝင်ကြောင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ငြိမ်းချမ်းရေးနှင့် ဒေသခံတိုင်းရင်းသားများ၏ ပါဝင်တည်ဆောက်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း ပါဝင်ဆွေးနွေးမည့် ကရင်လူမျိုး ကိုစောကျော်မိုးက ပြောသည်။ 

မွန်ပြည်နယ်တွင်ပြုလုပ်သော ငြိမ်းချမ်းရေး စကားဝိုင်းအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပရေးကော်မတီကို ယခင်ကပင် ဖွဲ့စည်းထားပြီးဖြစ်ကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်၍ လတ်တလောတွင် အသေးစိတ်ပြော၍မရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်း (Peace talk) ကို ဖေဖော်ဝါရီလက ပြုလုပ်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရက်ရွှေ့ဆိုင်းခဲ့သည်။ 

R-21