News

POST TYPE

REGIONAL

မွန်ပြည်နယ်တိုင်ကြားစာ ကော်မတီသို့ မြေယာပြဿနာတိုင်ကြားမှု ၇၀ ရာခိုင်နှုန်းရှိ
မော်လမြိုင်၊ ဇွန် ၁၁

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ ကော်မတီသို့ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တိုင်ကြားမှုများအနက် မြေယာပြဿနာတိုင်ကြားမှု ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

တိုင်ကြားလာသည့် မြေယာပြဿနာများအနက် အကွက်ရိုက် ရောင်းချမှုများ၊ မိရိုးဖလာ လုပ်ကိုင်လာသည့် မြေယာအငြင်းပွားမှုများနှင့် သောင်ထွန်းမြေများ ပိုင်ဆိုင်မှုကိစ္စရပ်တို့ များပြားကြောင်း၊ ယင်းကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေးရာတွင် အချို့မှာ တိုင်ကြားထားမှုများနှင့် လွဲမှားနေမှုများလည်းရှိကြောင်း ၎င်းက ရှင်းပြသည်။ 

ယခုနှစ်တွင် တိုင်ကြားစာ ကော်မတီသို့ ရောက်လာသည့် တိုင်စာများအနက် ၂၀၀ ခန့်မှာ မြေယာပြဿနာတိုင်စာများ ဖြစ်ကြောင်း၊ အချို့တိုင်စာမှာ လိပ်မူထားသည့် ဌာနများစွာရှိနေကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် အခြားအဆင့်မြင့်ဌာနများသို့ လိပ်မူထားသည့် တိုင်ကြားစာအချို့ကို မိမိတို့ ကော်မတီမှ တိုက်ရိုက် မစစ်ဆေးသော်လည်း မှတ်တမ်းအဖြစ်ထားရှိကြောင်း တိုင်ကြားစာ ကော်မတီထံမှ သိရသည်။

လယ်ယာမြေ ကွက်ရိုက်ရောင်းချမှုများ၊ လယ်ယာမြေဥပဒေနှင့် ပတ်သက်သည့် လယ်ယာမြေကိစ္စများကို ပြည်သူများအနေနှင့် လွတ်လပ်စွာ တိုင်ကြားခွင့်ရှိသော်လည်း ပြည်သူများအနေနှင့် ဥပဒေစည်းကမ်းကို လိုက်နာရမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

R-21