News

POST TYPE

REGIONAL

မိုးကြောင့် စစ်ကိုင်းတိုင်းရှိ နွေသီးနှံမျိုးစုံ စိုက်ဧက ၉၀၀ ကျော် ပျက်စီး
11-Jun-2018

ကလေး၊ ဇွန် ၁၁ 

စစ်ကိုင်းတိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် မြို့နယ်လေးခုမှ နွေသီးနှံစိုက်ဧက ၉၀၀ ကျော် ပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ 

ဧပြီလမှစ၍ ဇွန်လ ၁၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး နွေသီးနှံစိုက်ခင်းများအတွင်း မိုးရေများဝင်ရောက်ကာ ရေနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ရေနစ်မြုပ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ နွေသီးနှံစိုက်ခင်း ဧက စုစုပေါင်း ၆၈,၄၁၆ ဧက ရေဝင်နစ်မြုပ်ခဲ့ပြီး ၅၈,၅၃၈ ဧကမှာ ထိခိုက်ခဲ့ကာ ပျက်စီးမှုအနေဖြင့် ကနီမြို့နယ်တွင် သုံးဧက၊ ဆာလင်းကြီးမြို့နယ်တွင် ကိုးဧကနှင့် ပုလဲမြို့နယ်တွင် ၉၁၅ ဧကနှင့် ဝက်လက် မြို့နယ်တွင် ၁၀ ဧက စုစုပေါင်း ၉၃၇ ဧက ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။ 

“အကုန်လုံးတော့ သူတို့လည်း ထောက်ပံ့နိုင်မှာမဟုတ်ဘူး။ တကယ်လို့ ထောက်ပံ့နိုင်တယ်ဆိုရင် မြန်မြန်ဆန်ဆန် ထောက်ပံ့ပေးဖို့ တိုင်းအစိုးရနဲ့ သွားတွေ့ရတော့မှာပေါ့” ဟု ပုလဲမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောဆိုသည်။ 

ပျက်စီးသွားသည့် နွေသီးနှံများသည် နွေနှမ်း ၉၃၄ ဧက၊ မိုးမြေပဲ ၁ ဧက၊ ပဲစင်းငုံ တစ်ဧကနှင့် မိုးပဲတီစိမ်းတစ်ဧက တို့ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်၂၀၁၇ ခုနှစ်အတွင်းကလည်း မေလမှ စ၍ ဩဂုတ်လအထိ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့ပြီး လယ်ယာများအတွင်းသို့ မြစ်ရေများဝင်ရောက်ခဲ့ရာ လယ်ယာစိုက်ခင်းဧက စုစုပေါင်း ၁၉,၃၆၂ ဧက ပျက်စီးခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

R-20