News

POST TYPE

REGIONAL

ချောက်တွင်ဝါးပင် ခြောက်ထောင်စိုက်မည်
10-Jun-2018

ချောက်၊ ဇွန်၁၀

မြန်မာနိုင်ငံ၏ အပူပြင်းဆုံးမြို့ဖြစ်သော မကွေးတိုင်း ချောက်မြို့ရှိ အပူချိန်လျှော့ချနိုင်ရန်အတွက် ချောက်ဘူတာရုံအနီးရှိ မြေတစ်ဧကအကျယ်ပေါ်၌ ဝါးပင်ခြောက်ထောင်စိုက်ပျိုးမည်ဖြစ်ကြောင်း ယင်းမြို့အပူချိန်ကျဆင်းရေးအတွက် ဦးဆောင်လုပ်ကိုင်နေသော စိမ်းလန်းကွန်ရက်ထံမှသိရသည်။

မကွေးတိုင်းအစိုးရထံ အပူချိန်လျှော့ချရေး လုပ်ဆောင်ရန်တင်ပြမှုကို ချောက်ဘူတာရုံအနီးရှိအစိုးရမြေပေါ်၌ စိုက်ခွင့်ပြုပေးလိုက်သည့်အပြင် ယင်းဘူတာအနီးရှိ မြေလွတ်မြေရိုင်းများတွင်လည်း အစိုးရက စိုက်ပျိုးခွင့်ပြုလိုက်ကြောင်း ယင်းကွန်ရက်ထံမှသိရသည်။

“ဒေသနဲ့ကိုက်ညီတဲ့ ဝါးပင်တွေကိုပျိုးပြီးတော့ လိုက်စိုက်တာဖြစ်ပါတယ်။ ရှေ့လျှောက်မှာ မြေနေရာ ထပ်ရရင်အခုက မိုးတွင်းလည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ရှေ့လျှောက် အပင်တွေစိုက်သွားမယ်”ဟု အဆိုပါကွန်ရက်ဥက္ကဋ္ဌ ဦးရဲမင်းနောင်က ပြောဆိုသည်။

ချောက်မြို့အပူချိန်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ၂၀၁၂ နှင့် ၂၀၁၆ ခုနှစ်များက ၄၆ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်တင်ထားပြီး ၂၀၁၈ခုနှစ်နွေရာသီက အမြင့်ဆုံးအပူချိန် ၄၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ဝါးပင်သည် အခြားသစ်ပင်များထက် ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူမှု ၄၀ ရာခိုင်နှုန်း သိုလှောင်နိုင်ခြင်း၊ အောက်ဆီဂျင်ထုတ်လုပ်မှု ၃၅ ရာခိုင်နှုန်း၊ ဆာလဖာဒိုင်အောက်ဆိုဒ် တန်၆၀ မှ ၉၀ အထိ သန့်စင်နိုင်ခြင်း၊ ဖုန်မှုန့်များကိုတန် ၆၀ မှ ၉၀ အထိ စုပ်ယူနိုင်သည့်အတွက် ဝါးပင်ကို ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း ယင်းကွန်ရက်ထံမှသိရသည်။

နေနိုင်(ချောက်)


  • VIA