News

POST TYPE

REGIONAL

ကချင်စစ်ပွဲ ၇ နှစ်ပြည့်အထိမ်းအမှတ်ဆုတောင်းပွဲ မြစ်ကြီးနားတွင်ပြုလုပ်


မြစ်ကြီးနား၊ ဇွန် ၉

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့အကြား တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွားမှု ၇ နှစ်ပြည့် အထိမ်းအမှတ်ဝတ်ပြုဆုတောင်းပွဲကို မြစ်ကြီးနားမြို့ရှိ မနောကွင်း၌ ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းဆုတောင်းပွဲဦးဆောင်သူများထံမှ သိရသည်။

ကချင်ဒေသနှင့် ရှမ်းမြောက်ဒေသများတွင် စစ်ဘေးရှောင်နေရသော ဒုက္ခသည်များ ၎င်းတို့နေရပ်သို့အမြန်ပြန်နိုင်ရေးအတွက် ဘုရားရှင်ထံဆုတောင်းပေးခြင်း၊ စစ်ရှောင်စခန်းများတွင် နေထိုင်နေရသည့် စစ်ရှောင်လူငယ်များက ကြုံတွေ့နေရသော အခက်အခဲများကို သရုပ်ဖော်ပြဇာတ်တင်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဦးဆောင်ကော်မတီထံမှ သိရသည်။ 

အဆိုပါ ဆုတောင်းခြင်းအစီအစဉ်ကို မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC)၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ကချင်အရပ်ဘက်အဖွဲ့အစည်းများနှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိစစ်ဘေးရှောင် စခန်းများမှစစ်ရှောင်များ ပါဝင်ခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများချက်ချင်းရပ်ပေးရန်၊ စစ်ရှောင်များ၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ပေးရန်၊ လူသားချင်းစာနာထောက်ထားရေး ကူအညီများရရှိအောင် ဆောင်ရွက်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားရေးအထောက်အပံ့များ တိုးမြှင့်ပေးရန်တို့ကို ယင်းဆုတောင်းပွဲအစီအစဉ်တွင် ထုတ်ပြန်ခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း ကေအိုင်အိုနှင့်တပ်မတော်တို့အကြား ဆက်လက်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများရှိ စစ်ဘေးရှောင်စခန်း ၁၆၇ ခု၌ လူဦးရေ ၁၂၀,၀၀၀ ကျော် နေရပ်စွန့်နေရကြောင်း ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST) က ဇွန်လ ၉ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

R-06