News

POST TYPE

REGIONAL

အိမ်တွင်းစက်မှုလက်မှုဥပဒေကြမ်းအတွက် အကြံပြုချက်တိုင်းလွှတ်တော်တောင်းခံ
09-Jun-2018

ပုသိမ်၊ ဇွန်၉

ဧရာဝတီတိုင်း အစိုးရအဖွဲ့က တင်သွင်းလာသော ဧရာဝတီတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဥပဒေကြမ်း” ကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင်လက်ခံဆွေးနွေးသွားမည်ဖြစ်ရာ အများပြည်သူက ဝေဖန်အကြံပေးနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်က ဇွန်လ ၈ ရက်က ကြေညာသည်။

“အရင်က ဥပဒေကြမ်းတွေတင်လာပြီဆိုရင် မြန်မာနိုင်ငံပြန်တမ်းနဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်အကောင့်တွေမှာ တင်ကြတာ၊ အခုတော့အဲဒါတွေအပြင် လွှတ်တော်ပေ့ခ်ျလည်း ထောင်ထားပြီဆိုတော့အဲဒီမှာလည်း ဖော်ပြထားပါတယ်၊ အဓိကကတော့ပြည်သူများ ပိုမိုသိရှိနိုင်ဖို့နဲ့အကြံပြုချက်တွေ ပေးပို့သွားနိုင်ဖို့ရည်ရွယ်ပါတယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။

လွှတ်တော်သို့ပေးပို့လာသည့် အကြံပြုချက်များကို လွှတ်တော်ရုံးမှတစ်ဆင့် ဥပဒေကြမ်းကော်မတီသို့လွှဲပြောင်းမည်ဖြစ်ပြီး ယင်းကော်မတီနှင့်စွမ်းအင်၊ လျှပ်စစ်၊ စက်မှုလက်မှုကော်မတီ၊ သက်ဆိုင်ရာဌာနများတို့ တွေ့ဆုံစိစစ်ပြီးလျှင် လွှတ်တော်သို့ ကော်မတီ၏ အစီရင်ခံစာတင်ပြမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှဆွေးနွေးတင်ပြချက်များကို တစ်ပိုဒ်ချင်းအလိုက်ပြင်ဆင်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဧရာဝတီတိုင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဥပဒေကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းဥပဒေသည် ပြည်ထောင်စုတွင်ကျင့်သုံးနေသော အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေး ဥပဒေနှင့်သဘောထားကွဲလွဲမှုများ ရှိနေခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကို ဖွဲ့စည်းပုံများ တိုးချဲ့ပြင်ဆင်ခဲ့သောကြောင့် ယင်းဥပဒေမှာ လက်ရှိတွင် လိုက်လျောညီထွေမှုမရှိခြင်း၊ တိုင်းဥပဒေချုပ်ရုံးက ယခင်ဥပဒေကို ပြင်ဆင်ဖြည့်စွက်သည်ထက်အသစ်ရေး ဆွဲပြဋ္ဌာန်းရန်သဘောထား မှတ်ချက်ပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်ရာ ပြည်နယ်/ တိုင်း အလိုက် ဥပဒေများရေးဆွဲပြဋ္ဌာန်းရန် အကြောင်းကြားလာခြင်းတို့ကြောင့် “ဧရာဝတီတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း)” ကို အတည်ပြုထုတ်ပြန်နိုင်ရန် တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောပြသည်။

အဆိုပါ ဥပဒေကြမ်းကိုပြည်သူများ လေ့လာနိုင်ရန်နှင့်ပြင်ဆင်ဖြည့်စွက်အကြံ ပြုနိုင်ရန်အသိပေး ကြေညာထားခဲ့ပြီး အကြံပြုချက်တင်ပြလိုသော ဖွဲ့အစည်း များ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ အနေဖြင့်အကြံပြုစာများကို ဇွန်လ ၂၉ ရက်နောက်ဆုံးထားကာ ပေးပို့နိုင် ကြောင်း တိုင်းဒေသကြီးလွှတ်တော်ရုံး ထံမှသိရသည်။

R-11