News

POST TYPE

REGIONAL

သံဃာတော်များ ဆန္ဒမပြရ
24-Sep-2016
သံဃာထုအတွက် ရာဇသံတစ်ခု ထွက်လာသည်။ အာဏာရှင်တို့၏ လုပ်ရပ်ကို ကမ္ဘာကို သိစေခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး (၉) နှစ်ပြည့် အထိမ်းအမှတ် ရွှေတိဂုံစေတီတော်တွင် ဝတ်ပြုဆုတောင်းမှုအပြီး နောက်တစ်ရက်တွင် ဖြစ်သည်။

အငြင်းပွားဖွယ်ရာ ပြောဆိုချက်များကို မကြာခဏ ပြောဆိုလေ့ရှိသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) အစည်းအဝေးသို့  လျှောက်ထားချက်ကြောင့် ဖြစ်သည်။ 

ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို အစိုးရက အရေးယူမည်ဟု ၎င်းက လျှောက်ထားခြင်း ဖြစ်သည်။ ဝိနည်းနှင့် မညီသည့် သံဃာတော်များ၊ သံဃာအတုများကိုလည်း ယင်းသို့ အရေးယူမည်ဟု ၎င်းက ဆိုသည်။ 
“ဆန္ဒဖော်ထုတ်တဲ့ သံဃာတော်တွေကို ဆရာတော်များက ဓမ္မစက်ဖြင့် ဆောင်ရွက်ပြီး အစိုးရက အာဏာစက်ဖြင့် ဆောင်ရွက်မယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

ယင်းရာဇသံမှာ သံဃာထုကြား ကယက်ရိုက်စေခဲ့သည်။ 

မြန်မာနိုင်ငံတွင် သံဃာတော်များ၏ အခန်းကဏ္ဍမှာ အဓိကနေရာတွင် ရှိသည်။  နိုင်ငံလွတ်လပ်ရေး ခရီးတွင်လည်း သံဃာတော်များ ဦးဆောင်ပါဝင်ခဲ့သည်။ နိုင်ငံရေး အပြောင်းအလဲ အတွက်လည်း သံဃာတော်များ သွေးမြေကျ အသက်စွန့်ခဲ့ရသည်။

မေတ္တာသုတ်ရွတ်ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသည့် သံဃာတော်များကို ရန်ကုန်မြို့လယ်တွင် သေနတ်ဖြင့် ပစ်ခတ်၊ ဒုတ်ဖြင့်ရိုက်နှက်၊ ဖမ်းဆီးခဲ့သည်မှာ (၉) နှစ် ပြည့်ရန် တစ်ရက်သာ (စက်တင်ဘာလ ၂၅) လိုတော့သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဖြစ်သည်။ 

ရွှေဝါရောင် တော်လှန်ရေးတွင် သံဃာတော်များ၏ လုပ်ဆောင်ချက်ကို ယင်းအချိန်က အတိုက်အခံဖြစ်သည့် NLD ပါတီက ထောက်ခံခဲ့သည်။ သို့သော် လက်ရှိတွင် NLD အစိုးရက သံဃာတော်များ၏ ဆန္ဒပြလျှင် အရေးယူမည်ဆိုသော လုပ်ရပ်မှာ ဝေဖန်သံများ ညံစေခဲ့သည်။ 

“သံဃာတော်တွေကို သက်သက်နှိပ်ကွပ်တာပဲ။ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တာပဲ” ဟု မန္တလေး မစိုးရိမ်တိုက်သစ်မှ နာယက ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

သံဃာတော်များ ဆန္ဒပြလျှင် မည်သည့်ပုဒ်မဖြင့် အရေးယူမည်နည်းဟု ဆရာတော်က မေးခွန်းထုတ်ပြီး ဆန္ဒဖော်ထုတ်ခြင်းမှာ ဝိနည်းများနှင့်မညီ ဆိုလျှင်လည်း မည့်သည့်ဝိနည်းနှင့် မညီသည်ကို နိုင်ငံတော် သံဃမဟာနာယက (မဟန) က ချပြရန် လိုသည်ဟုလည်း ဆိုသည်။ 

သံဃာတော်များ ဆန္ဒဖော်ထုတ်ခွင့်ကို ပိတ်ပင်မှုမှာ အရပ်သားအစိုးရ လက်ထက်ရောက်မှ ဒီမိုကရေစီ အခွင့်အရေးများ ချိုးဖောက်ခံရခြင်း ဖြစ်ကြောင်း အမျိုးသားရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများတွင် မကြာခဏ ဦးဆောင်ပါဝင်သည့်  ဆရာတော်အချို့က မိန့်ကြားသည်။ 

“ဒီမိုကရေစီ အသီးအပွင့်က ရွှေဝါရောင်ရဲ့ အသီးအပွင့်တွေ ဖြစ်တယ်ဆိုတာကို နားမလည်ဘူးလား။ ရွှေဝါရောင် ကျေးဇူးတရားကို ပြောင်ပြောင်တင်းတင်း ကျေးစွပ်လိုက်တာပဲ” ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

သံဃာတော်များ ဆန္ဒဖော်ထုတ်လျှင် အရေးယူမည်ဆိုသည့် လုပ်ရပ်မှာ အမျိုးဘာသာ၊ သာသာနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို နှိပ်ကွက်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

အရေးယူမည်ဆိုသည့် လုပ်ဆောင်ချက်ကို ထောက်ခံသူလည်း ရှိသည်။

ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သော ဆရာတစ်ပါးဖြစ်သည့် ဦးပဏ္ဍဝံသကမူ အစိုးရ အနေနှင့် တိုင်းသံယနာယကအဖွဲ့နှင့် ညှိနှိုင်းကာ လုပ်ဆောင်ခြင်း ဖြစ်၍ နည်းလမ်းမှန်ကန်ပြီး ပဋိပက္ခ အသွင်ဆောင်နေသည့် လုပ်ရပ်များကို ရပ်တန့်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်သဖြင့် ထောက်ခံကြောင်း မိန့်ကြားသည်။

“အဓိကကတော့ ပဋိပက္ခဖြစ်မှာ စိုးရိမ်ပြီးတော့ ဆန္ဒပြတာကို အလိုမရှိတာ။ ပဋိပက္ခတွေကို အခြေခံမထားဘဲနဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီး ဆန္ဒဖော်ထုတ်ဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဲဒါကြောင့် တားမြစ်တာ ဖြစ်မယ်” ဟု ဆရာတော်က ယူဆသည်။

ရွှေဝါရောင် တော်လှန်ရေးမှာ ပြည်သူလူထုတစ်ရပ်လုံး၏ အခက်အခဲ အကျပ်အတည်းကို အစိုးရက ဖြေရှင်းပေးရန် မေတ္တာဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိ သံဃာတော်များ ဆန္ဒဖော်ထုတ်မှုများမှာ ပဋိပက္ခ အသွင်ဆောင်သည့် ဆန္ဒပြမှုများ ဖြစ်နေကြောင်း ဆရာတော် ဦးပဏ္ဍဝံသက ဝေဖန်သည်။ 

ရွှေဝါရောင် တော်လှန်ရေးတွင် ကမ္ဘာ့အသိုင်းအဝိုင်းကပင် လေးစားကြည်ညိုရသည့် မြန်မာ့သံဃာထု ပုံရိပ်မှာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများတွင် သံဃာတော်အချို့၏ ဝင်ရောက်လုပ်ဆောင်ချက်များကြောင့် တဖြည်းဖြည်း ကျဆင်းခဲ့ရကြောင်း ဆရာတော်အချို့က ဝေဖန်သည်။  

“တချိန်တုန်းက ကမ္ဘာမှာ နာမည်ကောင်းရခဲ့တဲ့ ရဟန်းတော်များဟာ ဒီဘက်နှစ်တွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အနေအထားတစ်ခုကို ရောက်သွားတယ်” ဟု ဦးပဏ္ဍဝံသက မိန့်ကြားသည်။

ဆန္ဒပြမှု အားလုံးကို အရေးယူမည်လော တိတိကျကျ မသိရသေး။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

မည်ကဲ့သို့ ဆန္ဒပြလျှင် အရေးယူမည်ကို တိတိကျကျ ပြတ်ပြတ်သားသား ရှင်းပြသင့်ကြောင်း ရဟန်းသံဃာများနှင့် ပတ်သက်၍ ဝေဖန်ရေးဆောင်းပါးများ ရေးသားနေသည့် ဆရာတော် ဦးခေမာနန္ဒ မိန့်ကြားသည်။
“NLD က အတိုက်အခံ ဘဝတုန်းက ဘုန်းကြီးတွေ ဆန္ဒပြတာ အားပေးအားမြှောက် လုပ်ခဲ့ပြီးမှ အခု အစိုးရဖြစ်တော့ ဘုန်းကြီးတွေ ဆန္ဒပြတာ ကြောက်တယ်ဆိုပြီး ဘေးက ဝါဒဖြန့်လာနိုင်တယ်” ဟု ၎င်းက ထောက်ပြသည်။

နိုင်ငံတွင် ဆူပူအုံကြွမှုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံဆော်မှုများကို ဆန္ဒပြခွင့် မပြုသင့်ဘဲ သာသာနာရေးကိစ္စများနှင့် ပြည်သူများ၏ အခက်အခဲ အကျပ်တည်းများကို ဖြေရှင်းပေးရေး စသည့် ကိစ္စများအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို ဥပဒေနှင့်အညီ ခွင့်ပြုသင့်ကြောင်း ဦးခေမာနန္ဒက မိန့်ကြားသည်။ 

လက်ရှိတွင် သံဃာတော်ဆိုသည့် ဂုဏ်ပုဒ်ကို အသုံးချကာ အုပ်ချုပ်ရေးအဖွဲ့များကို အကြောင်းမကြားဘဲ ဆန္ဒဖော်ထုတ်မှုများ ရှိနေရာ တရားဥပဒေနှင့်အညီ ကိုင်တွယ်နိုင်ရန် အစိုးရက တိုင်းသံဃနာယကနှင့် ညှိနှိုင်းလုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးပဏ္ဍဝံသက မိန့်ကြားသည်။

လူပုဂ္ဂိုလ်အနေနှင့် ဥပဒေကို ချိုးဖောက်လျှင် အရေးယူ၍ ရသော်လည်း သံဃာတော်များကို အရေးယူရန် ခက်ခဲသဖြင့် တိုင်းသံဃနာယကသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က လျှောက်ထားခြင်း ဖြစ်နိုင်ကြောင်း ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဦးသူရခေါ် ဦးဇာဂနာက ပြောကြားသည်။
“ခွင့်ပြုချက်လည်း မတောင်း၊ အသိလည်းမပေးဘဲ ဆန္ဒတွေ လျှောက်ပြနေရင်တော့ လုပ်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ သံဃာတော်များလည်း ဆန္ဒပြခွင့် ရှိရမည် ဖြစ်ပြီး သို့သော်လည်း အများ၏ အကျိုးစီးပွားကို ပျက်စီးအောင် လုပ်ဆောင်ခြင်းမျိုး မလုပ်သင့်ကြောင်း အမျိုးသားရေး နှင့်ပတ်သက်၍ ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်လေ့ ရှိသည့် ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။ 
“ဆန္ဒပြခွင့်ကို လုံးဝတားမြစ်လိုက်တာက ဒီမိုကရေစီဆိုတဲ့ အခွင့်အာဏာကို တားမြစ်တာနဲ့ အတူတူပါပဲ” ဟု ၎င်းက မိန့်ကြားသည်။ 

သံဃာတော်များ ဆန္ဒပြမှုကို အာဏာစက်ဖြင့် တားဆီးနိုင်မည်လော။

သံဃာတော်များသည် ကိုလိုနီခေတ်တွင်လည်း တွန်းလှန်ခဲ့သည်။ အာဏာရှင် ခေတ်တွင်လည်း တွန်းလှန်ခဲ့သည်။ ဒီမိုကရေစီအရေး ကြွေးကြော်ထားသည့် အရပ်သားအစိုးရ လက်ထက်တွင်ကား ...။

လက်ရှိအနေအထားတွင် သံဃာတော်များ ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ်လျှင် အနောက်ဖက်တံခါး ကျိုးပေါက်သွားမည်ဖြစ်ပြီး အစိုးရ၏ တားမြစ်ချက်ကြောင့် သံဃာတော်များ၏ လုပ်ရပ်ကို ရပ်တန့်မည် မဟုတ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
“အစိုးရက မင်းကျင့်တရား ဆယ်ပါးနဲ့အညီ အုပ်ချုပ်တဲ့ အချိန်ကျလို့ရှိရင် သံဃာတော်တွေက ဆန္ဒမဖော်ထုတ်ဘဲ တောရပ်ဆောက်တည်ကြမှာ” ဟု ၎င်းက မိန့်ကြားသည်။

NLD အစိုးရ တာဝန်ယူသည်မှာ လပိုင်းမျှသာ ရှိသေးပြီး လုပ်ဆောင်ချက်များမှာ စေတနာဖြင့် လုပ်ဆောင်နေသည်ဟု ယူဆသဖြင့် ဆန္ဒပြမှုများကို လတ်တလောတွင် လုပ်ဆောင်မည် မဟုတ်ဘဲ အစိုးရလုပ်ရပ်ကို ဆက်လက်စောင့်ကြည့်မည် ဖြစ်ကြောင်း ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သော ဆရာတစ်ပါး ဖြစ်သည့် ဦးပဏ္ဍဝံသက မိန့်ကြားသည်။

သို့သော်လည်း ရွှေဝါရောင်ကဲ့သို့  တစ်ကျော့ပြန် လှုပ်ရှားရမည်ကိုလည်း ဝန်မလေး။
“ပြည်သူအတွက် လိုအပ်ရင် ရွှေဝါရောင်တွေ လမ်းပေါ်ပြန်ထွက်ရမှာပဲ။ တားဆီးလည်း ထွက်မယ်။ ဘယ်ဥပဒေပဲဖြစ်ဖြစ် စည်းကမ်းဘယ်လောက်ချချ ပြည်သူ့ဘက်က ရပ်တည်ပြီးတော့ ထွက်မယ်” ဟု ဦးပဏ္ဍဝံသက မိန့်ကြားသည်။ 

သံဃာတော်များသည့် မြန်မာနိုင်ငံ သူ့ကျွန်ဘဝက လွတ်မြောက်အောင် ကြိုးပမ်းရာတွင်လည်း ဦးဆောင်ပါဝင်ခဲ့သည်။ ဗြိတိသျှဘုရင်ခံကို နှင်ထုတ်ခဲ့သည့် ဆရာတော် ဦးဥတ္တမ၏ ပျံလွန်တော်မှုသည်မှာ ၇၇ နှစ် ကြာမြင့်ခဲ့ပြီ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဓိက အရေးပါခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင်လည်း သံဃာတော်များ ပေးဆပ်ဖူးခဲ့ရသည်။

ရွှေဝါရောင် တော်လှန်ရေးတွင် သံဃာတော်များကို ဆွမ်းကပ်ခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဦးဇာဂနာကမူ အောက်ပါအတိုင်း မှတ်ချက်ပြုသည်။
“သံဃာတော်တွေနဲ့ နိုင်ငံရေး ဝေးဝေးနေကြတာ ကောင်းပါတယ်။ သံဃာက သံဃာပဲလေ” 

The Voice