News

POST TYPE

REGIONAL

ကွတ်ခိုင်တွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်ပွား
ရန်ကုန်၊ မေ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်နှင့် တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ မေလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

မေလ ၁၆ ရက် နံနက်ပိုင်းမှစ၍ ကွတ်ခိုင်မြို့နယ် ဟိုစော့ကျေးရွာအနီးတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ညပိုင်းအချိန်ထိ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် မေလ ၁၇ ရက် နံနက်ပိုင်းတွင်လည်း လက်နက်ကြီး ပစ်သံများ၊ ပေါက်ကွဲသံများ ကြားနေရပြီး ပြည်ထောင်စုလမ်းပိုင်းတွင် သွားလာနေသည့် မော်တော်ယဉ်များ စိုးရိမ်ထိတ်လန့်နေကြကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောဆိုသည်။

“တိုက်ပွဲ ဘယ်လိုဖြစ်နေလဲတော့ မသိဘူး။ ကွတ်ခိုင်မှာ ည ၈ နာရီ လောက်က လက်နက်ကြီး လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရတယ်။ အသံက မြို့ထဲကနေတောင် ကြားနေကြရတယ်။ ပေါက်ကွဲသံတွေတော်တော် ကျယ်တယ်။ ဒေသခံတွေကတော့ ထိတ်လန့်နေကြတာ ပေါ့။ ထိခိုက် ဒဏ်ရာရတယ်လို့တော့ မကြားမိသေးဘူး” ဟု ၎င်းက ဆိုသည်။

မေလ ၁၂ ရက်မှစတင်ကာ အဆိုပါ ဒေသတစ်ဝိုက်တွင် တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) ဆုတ်ခွာသည့် လမ်းကြောင်းများကို တပ်မတော်ဘက်က ပိတ်ဆို့ရှင်းလင်းခြင်း၊ နယ်မြေ ရှင်းလင်းခြင်းများကို ပြုလုပ်လျက်ရှိခြင်းကြောင့် နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ပြည်ထောင်စုလမ်းပိုင်းရှိ တပ်မတော်စခန်းများကိုလည်း TNLA မှ လာရောက်တိုက်ခိုက်ခြင်းများရှိကြောင်း တပ်မတော်အသိုင်းအဝိုင်းထံမှ သိရသည်။

မေလ ၁၂ ရက်က တအာင်းပလောင် လက်နက်ကိုင်အဖွဲ့များက မူဆယ်မြို့သို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒေသခံများ သေဆုံးမှုဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုသည် လောင်းကစားဒိုင်များကို ဝင်ရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း TNLA လက်နက်ကိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့ကက မူဆယ်မြို့ မန်ဝိန်း ဂိတ်အနီးရှိ ပန်ခမ်းရဲကင်းနှင့် နောင်အမ်း လှေဆိပ်အပြင် မူဆယ်မြို့ရှိ ပန်ဆေး ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်သို့လည်းကောင်း၊ မန်ဝိန်းဂိတ်အနီးရှိ လောင်းကစားရုံများကိုလည်းကောင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ပြည်ထောင်စုလမ်းပိုင်းရှိ သိန်းနီရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းကိုလည်း ဝင်ရောက်စီးနင်းမည်ဟု သတင်းများ ထွက်ပေါ်မှုကြောင့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပိန်းဆာပြည်သူ့စစ်တပ်ဖွဲ့များက လုံခြုံရေး တင်းကျပ်ထားပြီး မူဆယ်မြို့ရပ်ကွက်အတွင်းနှင့် ပြည်ထောင်စုလမ်းအပိုင်းများတွင် ပြည်သူများ စိုးရိမ် ထိတ်လန့်စေရန် မိုင်းထောင်ဖောက်ခွဲခြင်းများရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံက သိရသည်။ 

J-08, R-07