News

POST TYPE

REGIONAL

သရေခေတ္တရာမြို့ဟောင်းသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုနည်း
21-Apr-2018

ပြည်၊ ဧပြီ ၂၁

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့ဟောင်းသို့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် အနည်းငယ် လျော့နည်းခဲ့ကြောင်း ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာပြတိုက်မှ ဦးစီးအရာရှိ ဒေါ်ခင်မာအောင်က ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသားခရီးသွား ၉၀၀၀ နီးပါးအထိ လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ခရီးသွား ၆၅၀၀ ကျော်သာ လာရောက်လည်ပတ်ကြောင်း စာရင်းများအရ သိရသည်။

“ဒီနှစ်က သိသိသာသာတော့ မဟုတ်ပေမယ့် ခရီးသွား အဝင်နည်းသွားတယ်။ ဘာလို့လဲ မေးကြည့်တော့ နိုင်ငံရေး အခြေအနေတွေကြောင့်လို့ သိရတယ်။ တချို့ ခရီးစဉ် ဆွဲပြီးသားတွေတောင် ခညေခနူ လုပ်ကြတယ်လို့သိရတယ်”ဟု ဒေါ်ခင်မာအောင်က ဆိုသည်။

နိုင်ငံခြားသား ခရီးသွား ဝင်ရောက် လည်ပတ်မှုနှုန်း လျော့နည်းသွားခြင်းမှာ သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း သာမက ပုဂံနှင့် အခြား ယဉ်ကျေးမှုနေရာများတွင်လည်း လျော့နည်းသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်တွင်း ခရီးသွားလုပ်ငန်းများကလည်း သရေခေတ္တရာမြို့ဟောင်းကို ခရီးစဉ်တစ်ခုအနေနှင့် ထည့်သွင်းရေးဆွဲလာကာ ပြည်တွင်းခရီးသွားများ လည်ပတ်မှုများလည်း များပြားလာကြောင်း၊ ပြည်တွင်း ခရီးသွားများမှာမူ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များနှင့် အထိမ်းအမှတ်နေ့ထူးနေ့မြတ်များတွင် လာရောက်သူ ပိုမိုများလေ့ရှိကြောင်း သိရသည်။

ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းနှင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် တည်ရှိခဲ့သော သရေခေတ္တရာပျူမြို့ဟောင်း အပါအဝင် ဟန်လင်းနှင့် ဗိဿနိုးတို့ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်းတွင် ရှေးဟောင်းဇုန်များအတွင်းရှိ အဆောက်အအုံများ တူးဖော်ခြင်း၊ သုတေသနပြုခြင်း၊ ထိန်းသိမ်းခြင်းနှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ခြင်းလည်းဖြစ်သည်။

သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့၏ တောင်ဘက် ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး အေဒီ (၄) ရာစုမှ အေဒီ (၉) ရာစုအတွင်း ထွန်းကားခဲ့သော ရှေးပျူမြို့ဟောင်းတစ်မြို့ ဖြစ်ကာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဒင်္ဂါးများ၊ ဆင်းတုတော်များ၊ ပျူကချေသည် အရုပ်များနှင့် ရွှေပေလွှာများကို တွေ့ရှိခဲ့ရပြီး မြို့ရိုးသည် ၈ မိုင် ၅ ဖာလုံရှိပြီး ဧရိယာ အကျယ်အဝန်းအားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင်ကျယ်ဝန်းသည်။

M-06