News

POST TYPE

REGIONAL

မန်းရွှေစက်တော် အခမဲ့နားနေဆောင်ကို ဖျက်ရန်ညွှန်ကြား


ရန်ကုန်၊ မတ် ၁၂

မကွေးတိုင်း မင်းဘူး-စကုမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရား၏ ဧရိယာပြင်ပတွင် ဆောက်လုပ်ထားသည့် မန်းသီတာ အပန်းဖြေနားနေစခန်းကို မတ်လ ၁၂ ရက်နေ့တွင် အပြီးဖျက်သိမ်းရန် မင်းဘူး-စကုမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားပြီး မဖျက်သိမ်းပါက တရားစွဲမည်ဖြစ်ကြောင်း ရွှေစက်တော်ဂေါပက အဖွဲ့ထံမှ သိရသည်။

တရားဝင်လေလံဆွဲ၍ တည်းကျောင်းဖွင့်လှစ်ထားသူများက တိုင်ကြားသဖြင့် ထိုသို့ဖျက်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ရက်အတွင်း မဖျက်သိမ်းပါက မတ်လ ၁၃ ရက်နေ့၌ တရားစွဲမည်ဖြစ်ကြောင်း အဆိုပါဂေါပကအဖွဲ့ထံမှ သိရသည်။ 

“ဂေါပကအဖွဲ့ကနေ တိုင်းအစိုးရအဖွဲ့ထံ တင်ရတယ်။ အစိုးရအဖွဲ့က ခွင့်မပြုဘူး။ တည်းကျောင်းပိုင်ရှင်တွေကလည်း ခွင့်မပြုဖို့ တိုင်ကြတယ်။ အစိုးရအဖွဲ့ဆီကို ဘယ်လိုပဲစာတင်တင် ခွင့်ပြုမိန့်မကျသေးဘဲ ဆောက်တာမှားတယ်လို့ မြင်ပါတယ်။ အင်အားသုံးပြီးတော့ ဖျက်မှာမဟုတ်ဘူး။ မဖျက်ဘူးဆိုရင်တော့ ဥပဒေကြောင်းအရပဲသွားမယ်”ဟု မန်းရွှေစက်တော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောဆိုသည်။

အဆိုပါ နားနေစခန်းမြေနေရာရှိ ချုံနွယ်များနှင့် အမှိုက်များကို ဘုရားပွဲတော်၏ တင်ဒါလုပ်ငန်းများ မခေါ်ဆိုခင် အချိန်တည်းက ရှင်းလင်းပြီး တရားဝင်နေ့ချင်းတည်း နားနေစခန်းပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂေါပကအဖွဲ့ထံတင်ပြခဲ့သော်လည်း ငြင်းပယ်ခံရပြီး ဖျက်သိမ်းရန် ညွှန်ကြားခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းနားနေ စခန်းပိုင်ရှင် ဦးလူပအောင်က ပြောကြားသည်။

“ဒီနေရာက ချုံနွယ်တွေထူထပ်နေတာ။ နှစ်ပေါင်း ၃၀ ကျော်ကြာပြီ။ ဒီဘက်မှာ လူလုံးဝမရှိတဲ့ အနေအထားဖြစ်နေတာ။ ဒီနေရာကို လုပ်ခွင့်ပေးဖို့ ဂေါပကအဖွဲ့နဲ့ အစိုးရအဖွဲ့ဆီကိုတင်ပြတယ်။ ဒါကို လေလံထဲပါအောင်လည်း ကြိုးစားတယ်။ သူတို့အားလုံးက ဒီစာကိုခေါက်ထားကြတယ်။ ကျွန်တော်တင်ပြတာက တင်ဒါလုပ်ငန်းတွေ မခေါ်ခင်တည်းက။ သူတို့က ဖျက်သိမ်းဖို့ ညွှန်ကြားလာတဲ့အခါ အကုန်ဆောက်ပြီးနေပြီ”ဟု ၎င်းက ဆိုသည်။

အဆိုပါအခမဲ့တည်းကျောင်း၌ ဝင်ရောက်တည်းခိုရန် ကားတစ်စီးလျှင် ဝင်ကြေးအနေနှင့် ၁၀၀၀ ကျပ်သာ ပေးဆောင်ရပြီး ဆိုင်ကယ်ဆိုပါက မပေးဆောင်ရဘဲ အိမ်သာ၊ ရေချိုးခြင်းတို့ကို အခမဲ့ အသုံးပြုနိုင်သည့်အတွက် စီးပွားဖြစ်တည်း ကျောင်းများထက် နားနေသူများပြားလာကြောင်း၊ အဆိုပါတည်းကျောင်းကို ရွှေစက်တော် ဘုရားဝင်းမှ ၂ ဖာလုံကျော်အကွာအဝေးတွင် တည်ဆောက်ထားသည်။

လွင်အေး