News

POST TYPE

REGIONAL

မဲဆွယ် အပြုံးသရော်စာအမှု တနင်္သာရီဂျာနယ်ဘက်က သက်သေခံခြောက်ခု တင်သွင်း
12-Mar-2018


ထားဝယ်၊ မတ် ၁၂

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့် မဲဆွယ်အပြုံးသရော်စာအမှုကို မတ်လ ၁၂ ရက်ကစစ်ဆေးရာ စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က စုစုပေါင်းသက်သေခံ ခြောက်ခုတင်သွင်းခဲ့သည်။

တိုင်းဒေသကြီး အစိုးရကိုယ်စား တရားစွဲဆိုခဲ့သည့် တရားလို ဦးအေးလူကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက် ရုံးချိန်းက စတင်စစ်ဆေးခဲ့စဉ်က သက်သေခံ နှစ်ခုကို တင်သွင်းခဲ့ပြီး မတ်လ ၁၂ ရက် ရုံးချိန်းတွင် သက်သေခံ ၄ ခုနှင့် သိသာရန် ၁ ခုကို မြို့နယ်တရားရုံးထံ တင်သွင်းခဲ့ကြောင်း ဂျာနယ်ဘက်က အမှုလိုက်ပါ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရှေ့နေများကွန်ရက် နာယကအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

“အားရကျေနပ်တယ်ပေါ့နော့၊ ဒီလိုအမှုတွေ စစ်တဲ့ဟာမျိုးတွေမှာ စွပ်စွဲခံရသူဘက်က သက်သေခံ တင်သွင်းဖို့ဆိုတာ အင်မတန် ခက်ခဲတယ်၊ အင်မတန် အထောက်အထား တစ်ရပ်အနေနဲ့ ခြေခြေမြစ်မြစ်ရှိမှ သက်သေခံအဖြစ် တရားရုံးများက လက်ခံလေ့ရှိတယ်”ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီ အပတ်စဉ်ဂျာနယ် အတွဲ ၅ အမှတ် ၁၇ တွင်ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန်အတွက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးလူက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံး သရော်စာ ဖော်ပြမှုနှင့်ပတ်သက်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုသွားရန် ဒီဇင်ဘာလ ၂၁ ရက်က မြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့သည်။

အဆိုပါအမှုမှ တရားလို ဦးအေးလူကို စစ်ဆေးမှုပြီးဆုံးခဲ့ပြီး နောက်ထပ်ရုံးချိန်းကို မတ်လ ၂၂ ရက်တွင် ပြန်လည် ချိန်းဆိုထားကြောင်း ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။

“အဲဒီနေ့မှာတော့ တရားလိုပြသက်သေကို စစ်ဆေးဖို့ ချိန်းဆိုထားတာ ဖြစ်ပါတယ်”ဟု ဦးကျော်မြင့်ကပြောသည်။

တရားလိုဘက်က တရားလိုပြသက်သေ ၂ ဦးကို တင်သွင်းထားပြီး စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က သက်သေတင်သွင်းမည့်လူဦးရေကို မညှိနှိုင်းရသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။

သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) အရ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမည်ဖြစ်သည်။

တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက်ထက်အတွင်း မီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က မဏ္ဍိုင်ကြီး ၄ ရပ်နှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည့် သတင်းမီဒီယာများ လွတ်လပ်စွာလုပ်ခွင့်၊ အခြားမဏ္ဍိုင် ၃ ရပ်ကို စောင့်ကြည့်ဝေဖန် ထောက်ပြခွင့်ရှိကြောင်း ပြောဆိုမှုကို ဖော်ပြထားသည့် မြန်မာ့အလင်း သတင်းစာကိုလည်း သက်သေခံအဖြစ် တင်သွင်းထားကြောင်း ဦးအောင်သိန်းကဆိုသည်။

ယမန်နှစ်က တနင်္သာရီအပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား) ရေးသားထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့်သံ ဆောင်းပါးကိုလည်း ဒယ်လ်ကို သတ္တုတွင်း ကုမ္ပဏီက တရားစွဲဆိုခဲ့ဖူးသည်။

တပ်မတော်ကို ဝေဖန်သော သရော်စာတစ်ပုဒ် ထည့်သွင်းဖော်ပြမှုကြောင့် တပ်မတော်က The Voice Daily သတင်းစာကို ၂၀၁၇ ခုနှစ် မေလက တရားစွဲဆိုခဲ့ဖူးပြီး နှစ်လကျော်အကြာတွင် ပြန်လည် ကျေအေးခဲ့သည်။

Dawei Watch