News

POST TYPE

REGIONAL

မောင်တောခရိုင်ရှိ နယ်ခြားစောင့်တပ်များကို အကြမ်းဖက်မှုကျူးလွန်သူ ၂၇၀ ကျော် ထောင်ဒဏ် ၁၀နှစ် ချမှတ်၊ လေးဦး သေဒဏ်ပေး
12-Mar-2018 tagged as မောင်တော


စစ်တွေ၊ မတ် ၁၂ 

မောင်တောခရိုင်ရှိ ကျီးကန်းပြင် နယ်ခြားစောင့်တပ်ဌာနချုပ်၊ ငါးခူရနယ်ခြား စောင့်ရဲကင်းစခန်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့်စခန်းများကို ၂၀၁၆ ခုနှစ် တိုက်ခိုက်မှုတွင် ပါဝင်သူ ဘင်္ဂါလီ ၂၉၄ ဦးအနက် ၂၇၆ ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး ၁၈ဦးကို မတ်လ ၅ ရက်က ခရိုင်တရားရုံး (ဘူးသီးတောင်ရုံးစိုက်) တရားသေ လွှတ်ပေးခဲ့ကြောင်း မောင်တောခရိုင် ဒုတိယ တရားသူကြီး ဦးညိုလွင်ဦး က ပြောကြားသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလက မောင်တောခရိုင်တွင် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် စုစုပေါင်း ဘင်္ဂါလီ ၅၀၈ ဦးကို တရားစွဲဆိုကာ ဖေဖော်ဝါရီလ ၂၃ ရက်က လေးဦး သေဒဏ်ချမှတ်ခဲ့ပြီး ကျန်ရှိသူများအား ပြစ်မှုအလိုက် ထောင်ဒဏ် အသီးသီး စီရင်ခဲ့ကြောင်း၊ ယင်းနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခံထား ရသည့် ၂၇၆ ဦးကို မတ်လ ၅ ရက်က ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

“အဖြစ်စဉ်တွေက မတူတာကို၊ ဒီနေရာမှာ ပါဝင်ခဲ့သူ၊ ဟိုနေရာမှာပါဝင် ခဲ့သူ အမျိုးအမျိုး ခွဲပြီးစွဲတာပေါ့၊ ကိုးတန် ကောက်ဆိုရင် စစ်တွေ ခရိုင်ထဲပါသွားတယ်”ဟု ဦးညိုလွင်ဦး ကဆိုသည်။

အဆိုပါ ၅၀၈ ဦးအား အမှုပေါင်း ၂၂ မှုနှင့် ပုဒ်မများ အသီးသီးဖြင့်စွဲဆိုပြီး ခရိုင်တရားရုံးက တရားသေ လွတ်ပေးခဲ့သော်လည်း မြို့နယ်တရားရုံး၌ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)(၂) စသည့် ပုဒ်မတို့ဖြင့် စွဲဆိုထားကြောင်း ၎င်းထံမှ သိသည်။

“လူသတ်မှုမှာ မပါလို့ လွတ်လိုက်ပေးမယ့် မတရားအသင်းနဲ့ အမှုရှိသေးတယ်။ အကြမ်းဖက် သင်တန်းပေးတဲ့ ဆရာတွေရှိမှာ သင်တန်းတက်တော့ အကြမ်းဖက်သမားနဲ့ ဆက်သွယ်သွားပြီးလေ အခုလွတ်ပေးလိုက်တာက တိုက်ခိုက်တာမှာ မပါတဲ့သူတွေဖြစ်တယ်။ ဒါပေမယ့် မြို့နယ်မှာ ပြစ်ဒဏ်ကျမှာပဲ၊ ခရိုင်ရော မြို့နယ်ရော ပြိုင်တူစွဲတာဖြစ်တယ်”ဟု ဒုတိယခရိုင်တရားသူကြီးက ပြောသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန် ကောက်ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေ ရုံးများသို့ အကြမ်းဖက်သူများ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး လက်နက်မျိုးစုံ ဆုံးရှုံးကြောင်း ယင်းအပြင် တပ်ဖွဲဝင်များ၏ ပြန်လည်ခုခံရာ အကြမ်းဖက်သူ ၈ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရထုတ်ပြန်သည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က မောင်တောခရိုင်ရှိ ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီး ကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သော ဘင်္ဂါလီများကို ပုဒ်မအသီးသီးတို့ဖြင့် အမှုဖွင့် တရားစွဲဆိုကာ တရားလိုများကို စစ်ဆေးနေကြောင်း ၎င်းထံမှသိရသည်။

R-22