News

POST TYPE

REGIONAL

တင်ဒါအခက်အခဲကြောင့် ကျောက်လုပ်ငန်းရှင်များ အခက်ကြုံ


တောင်ငူ၊ မတ် ၁၁

ပဲခူးတိုင်း တောင်ငူမြို့နယ် လေးမိုင်ဒေသရှိ ကျောက်ထုတ်လုပ်ငန်းများအတွက် အစိုးရ၏ တင်ဒါခေါ်ယူမှုပုံစံကြောင့် အခက်အခဲတစ်ခုအဖြစ် ကြုံတွေ့နေရကြောင်း ကျောက်ထုတ်လုပ်ငန်းရှင်များထံမှ သိရသည်။

“လက်ရှိ ပြဿနာက တင်ဒါခေါ်ယူမှုမှာ နားမလည်ဘဲ ဈေးသတ်မှတ်လိုက်တဲ့ အနေအထားမျိုးဖြစ်လာတယ်။ ဈေးကို သတ်မှတ်ထားတဲ့အခြေအနေမှာလည်း လုပ်ငန်းရှင်အချို့က ကုန်ထွက်ရင်ပြီးရော တင်ဒါလိုက်ကြတဲ့အခါမှာ ဈေးအပြိုင်ချတဲ့ အနေအထားမျိုးဖြစ်သွားတော့ ကျောက်လုပ်ငန်းက မမြတ်ဘဲ အထွေထွေကုန်ကျစရိတ်တွေ တိုးလာတယ်”ဟု လေးမိုင်ဒေသ ကျောက်လုပ်ငန်းရှင် ဦးတင်ဝင်းလှိုင်က ပြောကြားသည်။

ထိုသို့ကုန်ကျစရိတ်တိုးလာသော်လည်း ကျောက်ဈေးမှာမြင့်တက်ခြင်း မရှိသည့်အတွက် လုပ်ငန်းရှင်များအတွက် အခက်အခဲများ ဖြစ်ပေါ်လာစေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

လေးမိုင်ဒေသထွက် ကျောက်လုပ်ငန်းခွင်အများစုသည် မိုးရာသီ လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားချိန်တွင် ပုံမှန်အားဖြင့် ကျောက်ဈေးအလိုလို နိမ့်ကျသွားလေ့ရှိသော်လည်း၂၀၁၇ ခုနှစ် အောက်တိုဘာလ ပွင့်လင်းရာသီမှ စတင်ပြီး ယနေ့အချိန်ထိ ဈေးကောင်းပြန်လည် ရရှိသေးခြင်းမရှိသည့်အပြင် ကုန်ကြမ်းရရှိမှု အနေအထားသည်လည်း လျော့နည်းလာကြောင်း ကျောက်လုပ်ငန်းရှင်များက ဆိုသည်။

လွန်ခဲ့သည့်နှစ် ၃၀ ကျော်ကတည်းက မိရိုးဖလာ ကျောက်ထုတ်လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည့် တောင်ငူမြို့အရှေ့ဘက် ၄ မိုင် သပြေလှကျေးရွာ မင်းဝံတောင်တန်းများရှိ ရာနှစ်ချီသော ကျောက်ကျင်းလုပ်ငန်းများသည် ၂၀၁၀ ခုနှစ်နောက်ပိုင်း မိုင်းခွဲခွင့်ရုပ်သိမ်းခဲ့ပြီးနောက် ဘက်ဟိုးကဲ့သို့သော စက်ကြီးများဖြင့် အဆမတန် ကျောက်ထုတ်လုပ်ခဲ့ကြသည့် အကျိုးဆက်ကြောင့် ကျောက်ရှားပါးခဲ့သော်လည်း ဈေးကောင်းမရရှိသဖြင့် လုပ်ငန်းရှင်အချို့ ရပ်နားသွားကြကြောင်း ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိ ကျောက်ဈေးကွက်အတွင်း ကျောက်အမျိုးအစားအလိုက် တစ်ကျင်းလျှင် ကျပ်၂၀,၀၀၀ မှ ၄၀,၀၀၀ ကျော်အထိ ပေါက်ဈေးရှိကြောင်း အဆိုပါ ကျောက်ဈေးကွက်အတွင်းမှ သိရသည်။

R-15