News

POST TYPE

REGIONAL

ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတား တိရစ္ဆာန်ဖြတ်သန်းခ ကောက်ခံမှု သတိပေး
12-Mar-2018

ကလေး၊ မတ် ၁၁ 

ချင်းတွင်းမြစ်ကူး၊ ဆင်ဖြူရှင်တံတားပေါ်သို့ အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ၏ အိမ်မွေးတိရစ္ဆာန်များ ဖြတ်သန်းရာတွင် ငွေကြေးကောက်ခံနေမှုနှင့် ပတ်သက်၍ တင်ဒါပေးခဲ့သည့်ဌာနကို သတိပေးအကြောင်းကြားစာ ပေးပို့မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။ 

အဆိုပါ တံတားဖြတ်သန်းခ ကောက်ခံရာ၌ တင်ဒါစာချုပ်ပါ စည်းမျဉ်းစည်းကမ်းအရ ကောက်ခံခွင့်မရှိသော တိရစ္ဆာန်များကို ဖြတ်သန်းခ ကောက်ခံနေခြင်းကြောင့် တင်ဒါအောင်လုပ်ငန်းရှင်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးအကြောင်းကြားစာ ပေးပို့မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။ 

ပြီးခဲ့သည့်မတ်လ ၈ ရက်နေ့က ကျင်းပသည့် စစ်ကိုင်းလွှတ်တော်၌ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီက ဆင်ဖြူရှင်တံတားသို့ ကွင်းဆင်းစစ်ဆေးထားမှု အစီရင်ခံစာတင်ပြရာတွင် ယင်းအချက်ကို ထည့်သွင်းတိုက်တွန်းထားသည့်အပေါ် ဝန်ကြီးက ယင်းသို့ပြောကြားခြင်းဖြစ်သည်။ 

“လွှတ်တော်ကနေ ကျွန်တော်တို့ဆီကို အကြောင်းကြားစာပို့တဲ့အခါကျရင် ပခုက္ကူမှာရှိတဲ့ ရထားတိုင်း (၁၀) ကို လှမ်းပို့ရမှာ။ သူကတင်ဒါ လေလံပစ်ထားတာကိုး။ အဲဒီတော့ သူတို့ဆီကို သတိပေး အကြောင်းကြားစာပို့မယ်”ဟု ဝန်ကြီး ဦးသန်းညွန့်ဝင်းက ဆိုသည်။

ထို့ပြင် ဆင်ဖြူရှင်တံတား ဖြတ်သန်းခများ ပိုမိုကောက်ခံနေမှုအပေါ် တိုင်စာပေးပို့မှုများ ရှိခဲ့သည့်အတွက်၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် စာချုပ်ပါစည်းကမ်းများကို ဖောက်ဖျက်ကြောင်း တွေ့ရှိခဲ့သည့်အတွက် လုပ်ငန်းလက်ကျန် ကာလနှစ်လကိုဖျက်သိမ်း၍ စပေါ်ကြိုတင်ငွေ ကျပ်သိန်း ၃၀၀ ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ ၂၀၁၈ ခုနှစ်မှစ၍ ကုမ္ပဏီအသစ်တစ်ခုက ထပ်မံတင်ဒါအောင်ပြီး တံတားဖြတ်သန်းခ ကောက်ခံခဲ့ချိန် ကွင်းဆင်းစစ်ဆေးခဲ့ကာ ယင်းအစီရင်ခံစာ ထပ်မံတင်သွင်းခဲ့ခြင်းဖြစ်သည်။

R-20

  • VIA