News

POST TYPE

REGIONAL

ပျူလူမျိုးအဖြစ် မှတ်ပုံတင်ပေးရန် မဖြစ်နိုင်သေးဟု ဝန်ကြီးပြော
ကလေး၊ မတ် ၁၁ 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်း နေထိုင်ကြသည့် ပျူလူမျိုးများကို ပျူလူမျိုးအဖြစ် ပြောင်းလဲမှတ်ပုံတင်ပေးရန် မဖြစ်နိုင်သေးကြောင်း အလုပ်သမား လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မတ်လ ၉ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် ပုံမှန် အစည်းအဝေးတွင် မင်းတပ်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမာန်လောမောင်းက မင်းတပ်ခရိုင်၊ မြို့နယ်ပျူစာပေယဉ်ကျေးမှုအဖွဲ့များက၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ချင်းလူမျိုးအစား ပျူလူမျိုးအဖြစ် ထည့်သွင်းကြသဖြင့် ပျူလူမျိုးများဟု မှတ်ပုံတင်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ 

“နိုင်ငံတော်က တိုင်းရင်းသား မျိုးနွယ်စု အမည်စာရင်း ပြင်ဆင်သတ်မှတ်ခြင်း မပြုမီ ကာလအတွင်းမှာ ချင်းပြည်နယ် မင်းတပ်ခရိုင်မှာ နေထိုင်ကြတဲ့ ချင်းလူမျိုးတွေကို ပျူလူမျိုးအဖြစ် ပြောင်းလဲ မှတ်ပုံတင်ပေးဖို့ လောလောဆယ် မဖြစ်နိုင်သေးပါဘူး”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကဆိုသည်။

၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့သည့် တိုင်းရင်းသား လူမျိုးစု စာရင်းများအရ အဓိက လူမျိုးစုကြီးများ ဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူ၍ လူမျိုးစုရှစ်မျိုးရှိပြီး မျိုးနွယ်စု ၁၃၅ မျိုးသတ်မှတ်ဖော်ပြ ခဲ့ကြောင်း၊ သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုးစု မျိုးနွယ်အမည်များမှ ချင်း မျိုးနွယ်စုတွင် ၅၃ မျိုး၌ လည်းကောင်း၊ တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၃၅ မျိုး ၌လည်းကောင်း ပျူလူမျိုးအမည် ပါဝင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့ပြင်၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းတွင် ကောက်ယူရရှိသည့် လူမျိုးစုစာရင်း၌ တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသား လူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမ အသစ်၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်း စသည့်ကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာများ ရှိနေသည့်အတွက် ညှိနှိုင်းဆွေးနွေးပြီးမှသာလျှင် ထုတ်ပြန်ရန်လျာထားကြောင်း ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

“ကျွန်တော်တို့က ချင်းလူမျိုးမဟုတ်တဲ့အတွက်ကြောင့် ဟိုတုန်းက ချင်းလူမျိုးအဖြစ် မှတ်ပုံတင်တုန်းက ကျွန်တော်တို့ရဲ့ လျှောက်ထားချက်နဲ့ မှတ်ပုံတင်တာ မဟုတ်ဘူး။ အင်္ဂလိပ်ခေတ် အမွေအနှစ်ဟောင်းတွေရဲ့ လုပ်ရပ်နဲ့ ကျွန်တော်တို့ကို ဒီလူက ချင်းပါဆိုပြီး မှတ်ပုံတင်ထဲမှာ ချင်းလူမျိုးဆိုပြီး ကျွန်တော်တို့ လူမျိုးရဲ့ သဘောတူညီချက်နဲ့ လျှောက်ထားတဲ့ မှတ်ပုံတင်မဟုတ်တဲ့အတွက်ကြောင့် ပျူလူမျိုးတွေရဲ့ သဘောတူညီချက်နဲ့ မှတ်ပုံတင်ပြန်ပြောင်းဖို့ လိုအပ်နေပါတယ်”ဟု မင်းတပ်ခရိုင် ပျူစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးရှိန်းဂေရှိန်းက ပြောဆိုသည်။

R-20