News

POST TYPE

REGIONAL

ရုရှား နှစ်ဖက်ချွန်သူလျှို အဆိပ်ခတ်ခံရသည့်မြို့သို့ ဗြိတိန်အထူးတပ်ဖွဲ့ဝင်များ စေလွှတ်
11-Mar-2018



လန်ဒန်၊ မတ် ၁၀

ရုရှားနှစ်ဖက်ချွန် သူလျှိုနှင့် ၎င်း၏သမီးတို့ အဆိပ်ခတ်ခံရသည့် မြို့သို့ အထူးတပ်ဖွဲ့ဝင်များ စေလွှတ်ပြီး ညစ်ညမ်းစေနိုင်သည့် ပစ္စည်းများကို ဖယ်ရှားရန် ဗြိတိန်နိုင်ငံ လုပ်ဆောင်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံထံသို့ရုရှား လျှို့ဝှက်ချက်များ လွှဲပြောင်းပေးခဲ့သည့် အသက် ၆၆ နှစ်အရွယ် သူလျှိုဟောင်း ဆာဂျီခရစ်ပယ်နှင့် ၎င်း၏သမီး အသက် ၃၃ နှစ်အရွယ် ယူရီလာတို့ ဆလစ်ဘာရီမြို့ကမ်းခြေတွင် သတိလစ်မေ့မြောနေသည်ကို တနင်္ဂနွေနေ့ ညနေပိုင်းတွင် တွေ့ရှိခဲ့ရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးကို အထူးကြပ်မတ် ကုသဆောင်သို့ ပေးပို့ထားရကာ လွန်စွာစိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသေးကြောင်း အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သည့် ဗြိတိန်ပြည်ထဲရေးဝန်ကြီး အန်ဘာရက်က ပြောကြားထားသည်။

ထို့အပြင် ဖြစ်စဉ်တွင်း ပါဝင်ခဲ့သည့် လူနာတင်ကားများ၊ ပစ္စည်းများနှင့်ယာဉ်များကို ဖယ်ရှားနိုင်ရေးအတွက် ဓာတုဗေဒကျွမ်းကျင်သူများ အပါအဝင် တပ်ဖွဲ့ဝင် ၁၈၀ ခန့်ကိုလည်း ဆလစ်ဘာရီမြို့သို့ စေလွှတ်ထားကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ပြည်သူတွေအနေနဲ့ စိုးရိမ်စရာမလိုပါဘူး။ စုံစမ်းမှုအတွင်း လိုအပ်ချက်အရ စစ်တပ်အကူအညီ ဆက်ရှိနေမှာပါ”ဟု ဗြိတိန်အကြမ်းဖက်မှု တန်ပြန်ရေး ရဲတပ်ဖွဲ့က ပြောကြားထားသည်။

၂၀၀၆ ခုနှစ်တွင်းကလည်း လန်ဒန်မြို့၌ ရုရှားကေဂျီဘီ ထောက်လှမ်းရေးဟောင်း အလက်ဇန်းဒါး လစ်ဗီနန်ကို ရေဒီယို သတ္တိကြွ ပိုလိုနီယံ-၂၁၀ အဆိပ်ပါသည့် ရေနွေးကြမ်း သောက်သုံးမိပြီးနောက် သေဆုံးသွားခဲ့သည်။

လက်ရှိ ဖြစ်စဉ်နှင့် အလက်ဇန်းဒါး လစ်ဗီနန်တို့ သေဆုံးမှုကြားလည်း ဆက်နွှယ်မှုရှိသည်။

မော်စကိုမြို့တော်၌ ၂၀၀၄ ခုနှစ်အတွင်း ထိန်းသိမ်းမခံရခင် ကာလများအတွင်း ဒါဇင်နှင့်ချီသည့် ရုရှားထောက်လှမ်းရေးများ အကြောင်းကို ဗြိတိန်ထောက်လှမ်းရေး အဖွဲ့ထံသို့ ခရစ်ပယ် ပေးအပ်ခဲ့သည်။

ယင်းပြစ်မှုများအတွင် ထောင်ဒဏ် ၁၃ နှစ်ကျခံရန် ၂၀၀၆ ခုနှစ်တွင် အမိန့်ချမှတ်ခံခဲ့ရသော်လည်း ရုရှားသူလျှိုများနှင့် လဲလှယ်ရေး သဘောတူညီချက်အရ ၂၀၁၀ ခုနှစ်တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။

ခရစ်ပယ် အဆိပ်ခတ်ခံရမှု နောက်ကွယ်တွင် ရုရှားနိုင်ငံပါဝင်ကြောင်း တွေ့ရှိပါက ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ဗြိတိန်က သတိပေးထားသော်လည်း ယင်းကဲ့သို့ ပါဝင်ခြင်းမရှိဟု ကရင်မလင်က ငြင်းဆိုထားသည်။  

F-05

  • VIA