News

POST TYPE

REGIONAL

ရှေးဟောင်းယဉ်ကျေးမှုဇုန်များတွင် အသုံးပြုရန် လူနာတင်ယာဉ်များ လှူဒါန်း


ပြည်၊ မတ် ၁၀

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ဂျပန်တို့ပူးပေါင်း၍ ရှေးဟောင်းယဉ်ကျေးမှုဇုန်များတွင် အသုံးပြုနိုင်ရန်အတွက် လူနာတင်ယာဉ်များကို လှူဒါန်းခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ 

အဆိုပါ အရေးပေါ်လူနာတင်ယာဉ် ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို မတ်လ ၁၀ ရက်နေ့က ပြည်မြို့၊ သရေခေတ္တရာ ပျူမြို့ဟောင်းတွင် ကျင်းပခဲ့သည်။ 

ယင်းလှူဒါန်းမှုကို ဂျပန်နိုင်ငံအကူအညီဖြင့် ပျူမြို့ဟောင်းသုံးမြို့ဖြစ်သော သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုဒေသဖြစ်သည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေးနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်ချက်ကြောင့် ယခုကဲ့သို့ ဦးစားပေးလှူဒါန်းရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ရှေးဟောင်းယဉ်ကျေးမှုဖြစ်တာနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ အလွယ်တကူ သွားလာလေ့လာနိုင်အောင် လမ်းပန်းဆက်သွယ်ရေးကောင်းရမယ်။ နိုင်ငံသားတွေကော နိုင်ငံခြားသားတွေကော လာရောက်လေ့လာတဲ့အခါ အရေးပေါ် ကျန်းမာရေးအတွက် အဆင်သင့်ရှိတာမျိုးတွေ လိုအပ်တယ်”ဟု မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောဆိုသည်။

အဆိုပါ လူနာတင်ယာဉ်များမှာ အသေးစားဆေးပေးခန်းကဲ့သို့ ဖြစ်လာနိုင်ကြောင်း၊ အဆိုပါလူနာတင်ယာဉ်များအပြင် ဒိန်းမတ်နိုင်ငံမှ ကွန်ပျူတာများလည်း လှူဒါန်းမှုများပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဓိကက ရှေးဟောင်းဇုန်ထဲမှာ အက်စီးဒင့်တစ်ခုခုဖြစ်တယ်ဆိုရင် ဥပမာ နိုင်ငံခြားသား ပြည်တွင်းပဲဖြစ်ဖြစ် လူနာတင်ယာဉ်မရှိတော့ မြို့ပေါ်လှမ်းခေါ်ရတယ်။ မြို့ပေါ်ကနေလာမှာနဲ့ ဒီကနေ မြို့ပေါ်ဆေးရုံပြန်ပို့မှာနဲ့ဆို အချိန်ကြာပြီး အထိအခိုက်ရှိနိုင်တယ်။ အခုလို ရှေးဟောင်းဇုန်ထဲမှာရှိမယ်ဆိုရင် အဆင်ပြေသွားမယ်”ဟု မှော်ဇာဒေသခံ ဦးအောင်မြင့်မြတ်က ပြောဆိုသည်။

ရှေးဟောင်းဇုန်သုံးခုဖြစ်သည့် သရေ ခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းမြို့ဟောင်းတို့တွင် လူနာတင်ယာဉ်တစ်စီးစီ လှူဒါန်းထားပြီး၊ ဒိန်းမတ်နိုင်ငံမှ လှူဒါန်းထားသော ကွန်ပျူတာများနှင့် ဒေသခံ ကွန်ပျူတာလုပ်ငန်းရှင်များညှိနှိုင်းကာ လာမည့် ဧပြီလအတွင်း ပြည်မြို့သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ လူငယ်များကို ကွန်ပျူတာသင်တန်းများ အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သရေခေတ္တရာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

M-06