News

POST TYPE

REGIONAL

ပုသိမ်တွင် ပထမဆုံးအကြိမ် တန်ဖိုးသင့် တိုက်ခန်း အငှားစနစ် စတင်
11-Sep-2016

ပုသိမ်၊ စက်တင်ဘာ ၁၁

ဧရာဝတီ တိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့ရှိ၊ ဥမ္မာဒန္တီ၊ အငှားအိမ်ရာတွင် တန်ဖိုးသင့် တိုက်ခန်းများကို ပြည်သူများ ငှားရမ်း နေထိုင်နိုင်ရန် လျှောက်လွှာများ စတင် ရောင်းချနေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြေညာသဖြင့် ပုသိမ်မြို့တွင် နှစ် ၅ဝ ကျော်အတွင်း ပထမဆုံး တန်ဖိုးသင့် တိုက်ခန်း အငှားစနစ် စတင်မည်ဖြစ်ကြောင်း ယင်းအစိုးရ အဖွဲ့ရုံးထံမှ သိရှိရသည်။

အဆိုပါ တိုက်ခန်းများကို ငှားရမ်းရာတွင် နေအိမ် အခက်အခဲ ရှိနေသော ဝန်ထမ်း၊ ပင်စင်စား၊ ကုမ္ပဏီဝန်ထမ်း၊ ပြင်ပပြည်သူဟု လျှောက်လွှာ အမျိုးအစား ကွဲပြားသော်လည်း လျှောက်ထားသူများကို ညီမျှစွာ ငှားရမ်း ပေးမည်ဖြစ်ပြီး တိုက်ခန်း အမျိုးအစားအလိုက် ငှားရမ်းခမှာ ၃၂,၅ဝဝ ကျပ်မှ ၄၃,၅ဝဝကျပ် ရှိကြောင်း၊ ရွေးချယ်ရာတွင် မဲစနစ်ဖြင့် ပွင့်လင်းမြင်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး စက်မှုလက်မှု လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက ပြောသည်။

“မည်သူမဆို လျှောက်ထားနိုင်ပါတယ်၊ လျှောက်လွှာမှာပါတဲ့ ထောက်ခံချက်တွေတော့ ပါရှိဖို့တော့ လိုအပ်ပါမယ်၊ တိုက်တစ်လုံးစီက ကိုယ်စားလှယ် တစ်ဦးစီနဲ့ အိုးအိမ် ဦးစီးဌာနက ဝန်ထမ်း တစ်ဦးပါဝင်တဲ့ တိုက်ခန်း သာယာရေး ကော်မတီ ဖွဲ့ပြီး အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုများ ဆောင်ရွက်မှာပါ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ တန်ဖိုးသင့် လူနေတိုက်ခန်းများ လျှောက်လွှာကို ဧရာဝတီ တိုင်းဒေသကြီး အိုးအိမ် ဦးစီးဌာနတွင် ဝယ်ယူနိုင်ကြောင်း၊ ငှားရမ်းရာတွင်  ပြီးစီးသော အခန်း ၉၂ ခန်းကို ငါးနှစ်အငှား စာချုပ်ဖြင့် ငှားရမ်းမည်ဖြစ်ပြီး တစ်လဝင်ငွေ တစ်သိန်းမှ ၃သိန်း ကြားရှိသူများ လျှောက်ထား နိုင်ကြောင်း ဧရာဝတီ  တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက ပြောသည်။ 

၂ဝ၁၅ ခုနှစ် မေလပိုင်းက ယင်းစီမံကိန်းကို ပုသိမ်မြို့ ၁၄ ရပ်ကွက်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထား သတ်မှတ်ထားကြောင်း မြေ ၉ ဒသမ ၃၄ ဧကပေါ်တွင် စုစုပေါင်း အဆောက်အအုံ ၂၇ လုံး တည်ဆောက်ပြီး အခန်း ၄ဝဝ ခန့်ရှိပြီး ဆောက်လုပ်ရေး ကုမ္ပဏီ ၈ ခုက တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ကြောင်း  ဥမ္မာဒန္တီ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းနှင့် တန်ဖိုးသင့် အငှား အိမ်ရာစီမံကိန်း ကွပ်ကဲရေးရုံးထံမှ သိရှိရ သည်။


  • VIA