News

POST TYPE

REGIONAL

လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဦးခွန်စော၏ ပုံတူကြေးသွန်းရုပ်တု ပင်းတယမြို့တွင် ထားရှိရန် စီစဉ်
11-Sep-2016
တောင်ကြီး၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် ဓနုတိုင်းရင်းသား ဦးခွန်စော၏ ပုံတူကြေးသွန်း ရုပ်တုကို ပင်းတယမြို့တွင် ထားရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဓနုစာပေ ယဉ်ကျေးမှုနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အသင်းချုပ် ဥက္ကဋ္ဌ ဦးစိုးအောင်က ပြော ကြားသည်။

“ဓနုထဲကနေ ပြီးတော့မှ အထင်ကရ ပုဂ္ဂိုလ် မရှိခဲ့ဖူးဘူး။ ဒါကြောင့် သမိုင်းကြောင်းမှာ ပါတယ်ဆိုတာကို မျိုးဆက်သစ် လူငယ်တွေ သိစေချင်တဲ့အကြောင်း ပါတယ်”ဟု ၎င်းက ဆိုသည်။

ယခင်အစိုးရ လက်ထက်အတွင်းက အဆိုပါ ရုပ်တု ထားရှိရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့သောကြောင့် ယခုအစိုးရ လက်ထက်တွင် ခွင့်ပြုချက် ရရှိရန် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးစိုးအောင်က ဆက်လက် ပြောကြားသည်။

အာရှလူငယ် အစည်းအရုံး စတင် တည်ထောင် ပေးသည့် ဦးခွန်စောမှာ လွတ်လပ်ရေး လှုပ်ရှားမှုများတွင် အစဉ်အဆက် ပါဝင်ခဲ့သော ဓနုတိုင်းရင်းသား တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ပင်လုံ ညီလာခံနှင့် ပင်လုံ စာချုပ်တို့တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

“ဆွေမျိုးသားချင်း အနေနဲ့ မြေး တစ်ယောက် အနေနဲ့တော့ ဒီလို လုပ်လိုက်ပါ။ ဒီလို လုပ်ချင်တယ် ဆိုတဲ့ဟာကို မတောင်း ဆိုချင်ဘူး”ဟု ဦးခွန်စော၏ မြေးဖြစ်သူ ဒေါ်နန်းသရဖူတင့်က ဆိုသည်။

ဓနုတိုင်းရင်းသား ဦးခွန်စောသည် ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် လူကြီး ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်ရှိကြောင်း သမိုင်း မှတ်တမ်းများအရ သိရသည်။


  • VIA