News

POST TYPE

REGIONAL

ငလျင်ဒဏ်သင့် ပုဂံဘုရား ၁၇ ဆူကို ဝင်ရောက်ခွင့် ပိတ်ဟုဆို
11-Sep-2016

ရန်ကုန်၊ စက်တင်ဘာ ၁၁

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း လက်ရှိတွင် ငလျင်ဒဏ်သင့် စေတီပုထိုး ၁၇ ဆူခန့်ကို လူအများ ဝင်ရောက် လေ့လာခွင့် ပိတ်ထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က စက်တင်ဘာလ ၁ဝ ရက်က The Voice သို့ ပြောကြားသည်။

“လက်ရှိ ပိတ်ထားတယ်ဆိုတဲ့ ဘုရားတွေက လုံခြုံရေး အခြေအနေအရပါ။ အန္တရာယ်ကင်းတဲ့ အခြေအနေဆိုရင် ပြန်ဖွင့်ပေးမှာပါ။ အခု ပိတ်ထားတဲ့ ဘုရားတွေမှာလည်း ထင်ရှား ကျော်ကြားတဲ့ စေတီ သုံးလေးဆူလောက်ပဲပါတာ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပုဂံဒေသရှိ သဗ္ဗညုနှင့် စူဠာမဏိဘုရား၊ ဗူးလည်သီး အစရှိသည့် စေတီများ အပါအဝင် ဘုရား ၁၇ ဆူကို ဝင်ရောက် ကြည့်ရှုဖူးမြော်ခွင့် ပိတ်ထားပြီး ပုဂံဒေသရှိ ရှုခင်းများကို ကြည့်ရှုနိုင်ရန် ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ တောင်ဂူနီ အစရှိသည့် စေတီပုထိုး သုံးဆူကို တက်ရောက် ကြည့်ရှုခွင့် ပြုထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

ပုဂံယဉ်ကျေးမှု နယ်မြေအတွင်းသို့ ဝင်ရောက် လေ့လာခွင့် မရှိသော ဘုရား စေတီများကို ပြည်တွင်း၊ ပြည်ပမှ ခရီးသွား ဧည့်သည်များ အနေနှင့် အလွယ်တကူ သိရှိနိုင်ရန် လက်ရှိတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (JICA)နှင့် ပူးပေါင်း၍ လမ်းညွှန် ဆိုင်းဘုတ်များ ပြုလုပ် ပေးထားသည်။

သြဂုတ်လ ၂၄ ရက်က ပြင်းအားရစ်ခ်တာ စကေး၆ ဒသမ ၈အဆင့်ရှိ ငလျင်ဒဏ် ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စူဠာမဏိ၊ လောကနန္ဒာ၊ မြစေတီ၊ ဓမ္မရံကြီး၊ ထီးလိုမင်းလိုစေတီများအပါအဝင် စေတီ ပုထိုး ၃၉၇ဆူ ပျက်စီးဆုံးရှုံးခဲ့သည်။


  • VIA