News

POST TYPE

REGIONAL

လားရှိုးကျဉ်းထောင်တွင် ထောင်လှန့် ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်
11-Sep-2016
လားရှိုး၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးအကျဉ်းထောင်တွင် စက်တင်ဘာ (၁၁) ရက် နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လားရှိုးအကျဉ်းထောင်တွင် ထောင်လှန့်ဇာတ်တိုက် လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထောင်လှန့်ဇာတ်တိုက် လေ့ကျင့်မှုတွင် ရဲမှူးကြီး အောင်မြတ်မိုး ဦးစီးသော တပ်ဖွဲ့ဝင် (၁၀၈) ဦး၊ အကျဉ်းဦးစီးဌာနမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟထွဋ် ဦးစီးသော ဝန်ထမ်းအင်အား (၁၀၈) ဦး၊ တွဲဘက်ပြည်နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော် ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် (၁၄) ဦးနှင့် မီးသတ်ယာဉ် (၂) စီးတို့ အသုံးပြု၍ လေ့ကျင့်ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုသို့ ထောင်လှန့်ဇာတ်တိုက် လေ့ကျင့်မှုတွင် ပါဝင်သော ရဲတပ်ဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များကို လေ့ကျင့်မှု မစတင်မှီတွင် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဇာတ်တိုက်မည့် အစီအစဉ်များအား ကြိုတင်ချပြ ရှင်းလင်းခြင်း လူလက်နက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လေ့ကျင့်ပြီးစီးမှု အချိန်တွင်လည်း လိုအပ်ချက်များကို ထောက်ပြဆွေးနွေး မှာကြားခြင်းများ ပြုလုပ်ခဲ့သည်ဟု ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ရဲတေဇက ပြောကြားသည်။

ယင်းသို့ ထောင်လှန့်ဇာတ်တိုက်သည့် လေ့ကျင့်ခန်းများ ဆောင်ရွက်ရသည်မှာ အကျဉ်းထောင်အတွင်း ဆူပူအုံကြွမှုများ၊ အဓိကရုန်းများ ဖြစ်ပွားခဲ့ပါက အမြန်ဆုံး ထိန်းချုပ်နှိမ်နင်းနိုင်ရန်အတွက် အလေ့အကျင့် အတွေ့အကြုံ ရှိစေရန် အသင့်ကြိုတင် စီမံဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း ရဲအုပ် ရဲတေဇက ရှင်းပြသည်။

လားရှိုးအကျဉ်းထောင်တွင် အကျဉ်းသား (၂၃၆၁) ဦး၊ အကျဉ်းသူ (၄၂၄) ဦး၊ စုစုပေါင်း (၂၇၈၅) ဦးကို ထိန်းသိမ်းထားခြင်း ရှိကြောင်း အကျဉ်းထောင်မှတ်တမ်းအရ သိရသည်။

ဓာတ်ပုံ - နေမျိုးနွယ်