News

POST TYPE

REGIONAL

ကျိုင်းတုံ မြို့မဈေးအတွင်း တောင်းရမ်းသူများ ပပျောက်သည်အထိ တားဆီး နှိမ်နင်းမည်
11-Sep-2016

ပုံစာ - ကျိုင်းတုံမြို့မဈေးကြီးအဝင်ပေါက်လမ်းပေါ်တွင် တောင်းရမ်းနေသူတစ်ဦးကို တွေ့ရစဉ်။

ကျိုင်းတုံ၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မြို့မဈေးကြီး အတွင်း၌ နေ့စဉ် တောင်းရမ်းသူများကြောင့် ကမ္ဘာလှည့် ခရီးသွားများနှင့် ဈေးဝယ်များ စိတ်အနှောင့်အယှက် ဖြစ်ပေါ်လျက် ရှိသည့်အတွက် ယင်းတောင်းရမ်းသူများ ပပျောက်သွားသည်အထိ တားဆီး နှိမ်နင်း သွားမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လှက ပြောကြားသည်။

“ကျွန်တော်တို့ဌာန အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လက စပြီး တောင်းရမ်းသူတွေ ပပျောက်အောင် စစ်ဆေးခဲ့တယ်။ အရင်ကလောက် အများကြီး မတွေ့ရတော့ပေမယ့် လာတောင်းတဲ့သူတွေက ထပ်လာနေဆဲပဲ။ လုံးဝ ပပျောက်သည်အထိ တားဆီးနှိမ်နင်း သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ကမ္ဘာလှည့် ခရီးသွား အများအပြား လည်ပတ်ရာ ကျိုင်းတုံ မြို့မဈေးကြီး၌ အနာကြီး ရောဂါသည်များ အပါအဝင် ခန္ဓာကိုယ် ကောင်းမွန်သည့် တောင်းရမ်းသူများသည် နေ့စဉ် အုပ်စုဖွဲ့၍ မော်တော်ယာဉ်များဖြင့် လာရောက်ကြကြောင်း၊ ဈေးဝယ်သူများ အပါအဝင် စားသောက်နေသူများထံမှ အတင်းအကြပ် ခွက်ထိုးခံ၍ တောင်းရမ်းတတ်ကြောင်း ယင်းမြို့ဒေသခံများက ပြောကြားသည်။

“တောင်းတဲ့သူတွေက ကလေးတွေပါ ခေါ်လာပြီး ရွာလုံးကျွတ်နီးပါး လာတောင်းနေကြသလိုပဲ။ စားသောက်တဲ့ သူတွေဆိုလည်း ကောင်းကောင်း မစားသောက်ရဘူး။ ခဏတိုင်း ခွက်ထိုးခံနေပြီး ပိုက်ဆံ မပေးမချင်း မသွားကြဘူး”ဟု မြို့မိမြို့ဖ တစ်ဦးက သုံးသပ် ပြောဆိုသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ကျိုင်းတုံမြို့ အပါအဝင် မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ နယ်စပ် ဝင်ပေါက်များ၌ တောင်းရမ်းသူများ ပေါများနေ၍ နိုင်ငံ၏ ပုံရိပ် ထိခိုက်သည်ဟုဆိုကာ နှိမ်နင်းပေးရန် သြဂုတ်လအတွင်းက ကျင်းပသည့် ကျိုင်းတုံမြို့ လူထု တွေ့ဆုံပွဲတွင် ဒေသခံ မြို့မိမြို့ဖ တစ်ဦးက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြ တောင်းဆိုခဲ့သည်။

  • VIA