News

POST TYPE

REGIONAL

ချင်းပြည်နယ်၌ တောင်ပြိုလမ်း ပိတ်ပါက အကြောင်း ကြားနိုင်မည့် ဖုန်းနံပါတ်များ ထုတ်ပြန်
11-Sep-2016


ချင်းပြည်နယ် အတွင်းရှိ မြို့များသို့ ဆက်သွယ် သွားလာသည့် ကားလမ်းများတွင် တောင်ပြိုကျကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ပါက ချက်ခြင်း အကြောင်း ကြားနိုင်မည့် ဖုန်းနံပါတ်များကို ချင်းပြည်နယ် လမ်းဦးစီးဌာနက ထုတ်ပြန် ကြေညာထားကြောင်း ဖလမ်းခရိုင် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာန လမ်းအထူးအဖွဲ့ (၇) မှ ဦးစီးအရာရှိ (မြို့ပြ) ဦးမင်းထွဋ်က ပြောသည်။

လမ်းအထူးအဖွဲ့ (၇) သည် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် တီးတိန်မြို့ နယ်စပ်လမ်းမှ စတင်ကာ ဖလမ်းမြို့အထိ မိုင် ၆၀ ကျော် တာဝန် ယူထားရပြီး ယင်းလမ်းပိုင်းဖြစ်သည့် ကလေး-ဖလမ်း ကားလမ်း ၈ မိုင်မှ ၆၈ မိုင်အတွင်း တောင်ပြိုလမ်းပိတ်ပါက ဦးမင်းထွဋ် (ဖုန်း-၀၉၂၅၇၂၀၁၃၄၀)၊ ဦးအောင်မြင့်သန်း (ဖုန်း-၀၉၄၀၀၅၃၄၁၉၉)၊ ဦးငြိမ်တည်ထွန်း (ဖုန်း-၀၉ ၉၆၂၈၇၆၂၇၀)၊ ဦးဝင်းဗိုလ် (ဖုန်း-၀၉၂၅၆၄၄၅၃၂၃) နှင့် ဦးနိုင်ထူး (ဖုန်း-၀၉၇၇၉၂၉၀၆၇၀) များသို့ ဆက်သွယ်ပါက ချက်ခြင်း လမ်းရှင်းပေးမှု ပြုလုပ်သွားမည်ဟု ဦးမင်းထွဋ်က ပြောသည်။

“ခရီးသွားပြည်သူတွေ သွားလာမှု အဆင်ပြေစေဖို့အတွက် အခုလို ကြေညာထားတာ ဖြစ်ပါတယ်။ တောင်ပြိုပြီး လမ်းပိတ်ပြီဆိုတာနဲ့ ကျွန်တော်တို့ကို ချက်ခြင်း ဆက်သွယ်လိုက်ပါ။ ချက်ခြင်း ရောက်လာပြီး လမ်းရှင်းပေးမှာပါ”ဟု ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် နေထိုင်သူ ပြည်သူများသည် ဆက်သွယ် သွားလာရေးအတွက် ကားလမ်း တစ်ခုသာရှိကြောင်း၊ ကားလမ်း ဖောက်လုပ်ထားသည့် တောင်တန်းများသည် သက်နုကျောက်များဖြင့် ဖွဲ့စည်းတည်ရှိသည့် တောင်တန်းများ ဖြစ်ခြင်းကြောင့် မိုးရာသီကာလ မိုးဆက်တိုက် ရွာသွန်းသည့်အခါ တောင်မျာပြိုကျပြီး မကြာခဏ လမ်းပိတ်ဆု့ိမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ထိုသို့ လမ်းပိတ်ဆို့ခြင်းသည် နေထိုင်စားသောက်မှု ခက်ခဲ့သည့် တောင်တန်းများပေါ်တွင် ဖြစ်ခြင်းကြောင့် လမ်းပိတ်မှု အချိန် ကြာမြင့်ပါက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင် အစစ အရာရာ ထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်ခြင်းကို လျော့ချနိုင်ရန် ပြည်နယ်အစိုးရက ကားလမ်းများပေါ်တွင် လမ်းအထူးအဖွဲ့မှ တာဝန်ရှိသူများကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ကြေညာထားရန် မှာကြားထားကြောင်း၊ သို့အတွက် ဖလမ်းမြို့ လမ်းအထူးအဖွဲ့က ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ကြေညာခြင်း ဖြစ်ကြောင်းဟု ဦးမင်းထွဋ်က ပြောသည်။


  • VIA