News

POST TYPE

REGIONAL

သရေခေတ္တရာ ပျူမြို့ဟောင်းရှိ သာယာဝတီ တံခါးပေါက်နှင့် ခင်ဘကုန်းတို့ကို အောက်တိုဘာလတွင် စတင် တူးဖော်မည်
10-Sep-2016


ရန်ကုန်၊ စက်တင်ဘာ ၁ဝ

ပဲခူးတိုင်းဒေသကြီး သရေခေတ္တရာ ပျူမြို့ဟောင်းရှိ သာယာဝတီ တံခါးပေါက်နှင့် ခင်ဘကုန်းတို့မှ အုတ်ရိုးများကို အောက်တိုဘာ လလယ်တွင် စတင် တူးဖော်ရန် စီစဉ်ထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ကမ္ဘာ့ အမွေအနှစ် ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောကြားသည်။

သာယာဝတီ တံခါးပေါက်နှင့် ခင်ဘကုန်းတို့မှ အုတ်ရိုးများကို တူးဖော်ခြင်းနှင့် သုတေသနပြု ဆောင်ရွက်ခြင်းကို ပြည်တွင်းရှိ တူးဖော်ရေး ပညာရှင် အဖွဲ့များနှင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဘဏ္ဍာနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ဌာနခွဲထံမှ သိရသည်။

အဆိုပါ သာယာဝတီ တံခါးပေါက်နှင့် ခင်ဘကုန်းရှိ အုတ်ရိုးများ တူးဖော်ခြင်း လုပ်ငန်းကို နှစ်လခွဲခန့် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း၊ ယခင်နှစ်က သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်း တည်ရှိသော ပျူခေတ်လက်ရာ ဘုရားထောင်ဘုရား၏ မြောက်ဘက်နံရံ ပြိုမကျစေရန် ဒေါက် ထောက် ထိန်းသိမ်းခဲ့ကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။

ယင်းနောက်ပိုင်း ရှေးဟောင်းဇုန်များအတွင်းရှိ အဆောက်အအုံများ တူးဖော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သရေခေတ္တရာ မြို့ဟောင်းသည် ပြည်မြို့၏ တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်း ထွန်းကားခဲ့သော ရှေးပျူမြို့ဟောင်း တစ်မြို့ ဖြစ်သည်။

သရေခေတ္တရာ ပျူမြို့ဟောင်း အပါအဝင် ဟန်လင်းနှင့် ဗိဿနိုးတို့ကို ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက် စကို) က ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် ၂ဝ၁၄ ခုနှစ် ဇွန်လက သတ်မှတ်ခဲ့သည်။  


  • VIA