News

POST TYPE

REGIONAL

မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ဒေသခံများ မူလနေရပ် ပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းမည်
09-Sep-2016


မြစ်ကြီးနား၊ စက်တင်ဘာ ၉

ကချင်ပြည်နယ် မေခနှင့် မလိခ မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံဒေသခံများက နဂိုမူလ နေရပ်ကို ပိုင်ဆိုင်ရေး၊ ပြန်လည် ထူထောင်နိုင်ရေးအတွက် ကြိုးစားတောင်းဆို သွားမည်ဖြစ်ကြောင်း အဆိုပါဒေသခံတို့ထံမှ သိရှိရသည်။

အဆိုပါ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ကျေးရွာ ငါးရွာမှ ဒေသခံ နှစ်ရာကျော်က စက်တင်ဘာလ ၉ ရက်နေ့တွင် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ မြစ်ဆုံအနီးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မူလနေရပ်တွင် ပြန်လည် နေထိုင်ခွင့် ရရှိရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတူးခေါင်က ပြောကြားသည်။

မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံ ဒေသခံများအတွက် နေရာချပေးသည့် ဒေသများတွင် နေထိုင်ရာ လုပ်ကိုင် စားသောက်ရန် အဆင် မပြေကြောင်း၊ သီးနှံအတွက် နှစ်နာကြေး ပေးသော်လည်း ဖူလုံမှု မရှိကြောင်း အဆိုပါ ဒေသခံများက ပြောဆိုကြသည်။ 

“အခု ဒီစီမံကိန်းကြောင့် သူတို့ပေးတာက လျော်ကြေး မဟုတ်ပါဘူး။ သီးနှံအတွက် နစ်နာကြေး ပေးတာ။ ဒါက စားဖို့ လုံလောက်တာ မရှိပါဘူး။ ဒါကြောင့် ကန့်ကွက်ရခြင်း ဖြစ်ပြီး နေရပ်ကိုပဲ အားလုံးက ပြန်နေချင်တယ်”ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင် ကော်မတီအဖွဲ့မှ ဒေါ်ဂျာခေါင်က ပြောကြားသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောင်းရွှေ့ခံ ကျေးရွာများ ဖြစ်သည့် ဒေါင်ပန်၊ တန်ဖရဲ၊ မလိယန်၊ လဖဲ့နှင့် မဇွပ်ကျေးရွာတို့မှ ဒေသခံများ နှင့် နိုင်ငံရေးပါတီများ ပါဝင်ခဲ့ သည်။

နိုင်ငံတော် သမ္မတရုံးက ဧရာဝတီ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဆက်လက် ဆောင်ရွက်ရန် သင့် မသင့်ကို အမျိုးသား အကျိုးစီးပွားကို အခြေခံ၍ လေ့လာ သုံးသပ်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်၍ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် ၆ ဦးနှင့် ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အဖွဲ့ဝင် ၂ဝ ဦးဖြင့် သြဂုတ်လ ၁၂ ရက် ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။

  • VIA