News

POST TYPE

REGIONAL

ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမည်
09-Sep-2016

စစ်တွေ၊ စက်တင်ဘာ ၉

ဆရာတော်ဦးဥတ္တမနေ့ဖြစ်သော စက်တင်ဘာ ၉ ရက်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် အစိုးရက သတ်မှတ်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်းများ စုပေါင်းကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း စစ်တွေမြို့ရှိ လူမှုအသင်းအဖွဲ့များထံမှ သိရသည်။

နိုင်ငံရေးရှေ့ဆောင် ဆရာတော်ဦးဥတ္တမနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရေး၊ ပညာရေးပြဋ္ဌာန်းစာအုပ်များတွင် ဆရာတော်ဦးဥတ္တမ၏ အတ္ထုပ္ပတ္တိကို ပြန်လည်သင်ကြားပေးရေး၊ စစ်တွေမြို့ဦးဥတ္တမ ပန်းခြံကို အဆင့်မီပန်းခြံအဖြစ် သတ်မှတ်ပေးရေးတို့ကို ဆရာတော် ဦးဥတ္တမနေ့တွင် စစ်တွေမြို့ရှိ လူမှုအသင်းအဖွဲ့များက တောင်းဆိုခဲ့ကြကြောင်း ရခိုင်အမျိုးသားရေး
တက်ကြွလှုပ်ရှားသူ ကိုနိုင်နိုင်က ပြောဆိုသည်။

“ဆရာတော် ဦးဥတ္တမဆိုတာ လွတ်လပ်ရေးရရှိရေးရရှိရေးအတွက် တကယ်ကျေးဇူးရှင်ပါ။ ဒါကြောင့်ဆရာတော် ဦးဥတ္တမနေ့ကျရင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်။ နောက်တခုက စစ်တွေမြို့မှာ ရှိတဲ့ ဦးဥတ္တမပန်းခြံက နိမ့်ကျနေတယ်။
ပန်းခြံကို ကာတားတဲ့ဟာတွေဆိုရင် ဒုတိယကမ္ဘာစစ်ကတည်းက ဟာတွေ။ ဒါကိုလည်း အဆင့်မီဖြစ်အောင်လုပ်ပေးဖို့ လိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ အရပ်သားအစိုးရသစ်အနေနဲ့ လုပ်ဆောင်ပေးဖို့တောင်းဆိုပါတယ်” ဟု ကိုနိုင်နိုင်က ပြောသည်။

ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်သတ်မှတ်ပေးဖို့အတွက် ယခင်နှစ်များကလည်း တောင်းဆိုခဲ့ကြပြီး ယခုနှစ်တွင် အစိုးရက တရားဝင်သတ်မှတ်ပေးရေး လူမှုအဖွဲ့အစည်းများ စုပေါင်းကာ လွတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် အစိုးရထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ယနေ့(စက်တင်ဘာ ၉ ရက်)တွင် ကျင်းပသည့် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားတွင် လာရောက်ဂါရ၀ ပြုခဲ့သည့် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆရာတော်ဦးဥတ္တနေ့အဖြစ် ယနေ့တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းအပါအ၀င် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့တွင် အခမ်းအနားများကျင်းပခဲ့သည်။

"ကျွန်တော်တို့ NLD ကိုယ်စားလှယ်တွေကိုလည်း ဆရာတော်ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ လွတ်တော်မှာ တင်ပြဖို့အတွက် ပြောပြထားပါတယ်။ ဆရာတော်ဦးဥတ္တမဟာ မြန်မာနိုင်ငံသာမကဘဲ အာရှမှာပါ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်”ဟု စစ်တွေခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသင်္ခါကျော်က ပြောသည်။

ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ယခင်စစ်အစိုးရလက်ထက်က ကျင်းပခွင့်မပြုခဲ့ဘဲ ၂၈ နှစ်ကြာ ပိတ်ပင်ထားခဲ့ပြီး ၂၀၁၀ အစိုးရသစ်လက်ထက်ရောက်မှသာ ကျင်းပခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - ဖိုးသီဟ

  • VIA