News

POST TYPE

REGIONAL

ရေသုံးစွဲမှုများလာသဖြင့် ရေဂါလန် ၂၁၅ သန်းအထိ တိုးဖြန့်မည်
28-Jan-2018
ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်မြို့တွင် ရေသုံးစွဲမှုများလာသောကြောင့် ဂျိုးဖြူအပါအဝင် ရေလှောင်ကန်ကြီးလေးခုကို အဆင့်မြှင့်တင်ထားပြီး ဖေဖော်ဝါရီမှစ၍ ရေဂါလန် ၂၁၅ သန်းခန့်အထိ တိုးမြှင့်ဖြန့်ဖြူးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဂျိုးဖြူရေလှောက်ကန်၊ အင်ဂျင်နီယာဌာနထံမှ သိရသည်။

အဆိုပါ ရေလှောင်ကန်အဆင့်မြှင့်တင်သည့် လုပ်ငန်းကို ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်းနှင့် သွယ်တန်းထားသည့် ရေပေးဝေရေး ပိုက်လိုင်းများကို ရေယိုစိမ့်မှု လျော့နည်းစေရန် ပြုပြင်ထိန်းသိမ်းခဲ့ကြောင်း ဂျိုးဖြူရေလှောင်ကန်၊ အင်ဂျင်နီယာဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ရေလှောင်ကန်လေးခုဆိုတော့ ဘယ်ကန်က ရေဂါလန် ဘယ်လောက်အပိုဆောင်းဖြန့်ပေးရမလဲ မသိရသေးဘူး။ နွေကာလက ရေပြတ်တတ်တော့ ကြိုပြင်ဆင်ထားတဲ့သဘောပေါ့”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ လူဦးရေသည် ၂၀၁၈ နှစ်ဆန်းအထိ ခုနစ်သန်းနီးပါးရှိလာပြီး မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များတွင် လူနေထူထပ်လာခြင်းကြာင့် ရေလှောင်ကန်များမှ ဖြန့်ဖြူးပေးနေသည့် ရေသုံးစွဲမှုပါ ဆင့်ကဲမြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“မြို့တွင်းမှာ မြေအောက်ရေထုတ်သုံးတာ များလာတယ်။ ရေထိန်းသိမ်းရေး ပညာရှင်တွေလည်း ထောက်ပြတယ်။ တချို့အထပ်မြင့်တိုက်သစ်တွေဆို အဝီစိတွင်း တူးခွင့်လိုင်စင်ပေးတာ တင်းကျပ်သွားတယ်။ အင်္ဂလိပ်ခေတ်တည်းက ရန်ကုန်က ရေလှောင်ကန်တွေပဲ အားကိုးရတယ်။ နော်ဝေဆို ရေလှောင်ကန်စနစ် အရမ်းကောင်းတယ်”ဟု ရေအရင်းအမြစ် ထိန်းသိမ်းရေးပညာရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းတွင် ရေပေးဝေရေးစနစ်ကို ဖူးကြီးနှင့်ဂျိုးဖြူရေလှောင်ကန်နှစ်ခုမှ ရေဂါလန် ၈၁ သန်းကျော်ရှိပြီး လှော်ကားနှင့် ငမိုးရိပ်ရေလှောင်ကန်တို့မှ ရေဂါလန် သန်း ၁၂၀ ကျော်ဖြင့် အသီးသီး ဖြန့်ဖြူးပေးဝေလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရေလှောင်ကန်များအနက် ဂျိုးဖြူရေလှောင်ကန်ကို အင်္ဂလိပ်နည်းပညာဖြင့် ပထမဆုံးတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တိုက်ကြီးမြို့နယ်မှ ဗဟန်းမြို့နယ် အင်းလျားကန်အနီးရှိ ကုက္ကိုင်းအထိ ၄၃ မိုင်ရှည်လျားကာ သံမဏိအမျိုးအစားပိုက်လိုင်းဖြင့် သွယ်တန်းထားခြင်းဖြစ်သည်။

J-06