News

POST TYPE

REGIONAL

ချင်းတွင်းမြစ်မှ ရေမည်းများ နမ့်စလိန်ချောင်းမှဖြစ်ဟု စစ်ဆေးတွေ့ရှိ
08-Sep-2016

ကလေး၊ စက်တင်ဘာ  ၈ 
ရေမည်းစီးဆင်းမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးနေသူများကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အတွင်း စီးဆင်းခဲ့သော ရေမည်းများမှာ ခန္တီးမြို့အထက် ယင်းမြစ်သို့ စီးဝင်သော နမ့်စလိန်ချောင်းမှ  စတင်ဖြစ်ပေါ်သည်ကို စက်တင်ဘာလ ၇ရက်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပညာရှင်များ သွားရောက်လေ့လာရာတွင် စစ်ဆေးတွေ့ ရှိရကြောင်း လေ့လာမှုတွင် ပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းက ပြောကြားသည်။

အဆိုပါ ရေမည်းများမှာ လတ်တလောတွင် သက်ရှိများကို ထိခိုက်နေမှုများ မတွေ့ရှိရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စေလွှတ်သည့် ရေမည်း စုံစမ်းရှာဖွေရေးအဖွဲ့က စက်တင်ဘာ ၇ ရက်နေ့တွင် ခန္တီးမြို့ အထက်ဘက်ရှိ ရေမည်းများ စတင် စီးဆင်းကြောင်း ယူဆရသော နမ့်ဖုတ်ချောင်းနှင့် နမ့်စလိန်ချောင်းတစ်လျှောက် မော်တော်များဖြင့် သွားရောက်ခဲ့ကြောင်း၊ ယင်းအဖွဲ့တွင် ဘူမိဗေဒပညာရှင်များ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပညာရှင်များ၊ သဘာဝ ပတ်ဝန်းကျင် ပညာရှင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများအဖွဲ့တို့ ပူးပေါင်းလေ့လာခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

လေ့လာခဲ့မှုအရ နမ့်စလိန်ချောင်း ကမ်းပါးနှစ်ဖက်ရှိ သက်တမ်းနု ကျောက်မီးသွေး၊ သစ်ပုပ်များက တောင်ကျချောင်းရေ ကျသည့်အခါ ရေဖြင့် မျောပါလာပြီး ရေမည်းအဖြစ် မြစ်အတွင်း စီးဆင်းခြင်း ဖြစ်နိုင်သည်ကို တွေ့ရှိခဲ့ကြောင်း၊ အသေးစိတ် သိရှိစေရန် မြေနမူနာနှင့် သဲနမူနာများကို မန္တလေးမြို့တော်ရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးသောဌာနသို့ ပို့ဆောင်ထားကြောင်း ၎င်းက ပြောဆိုသည်။

"နမ့်စလိန်ချောင်းက အိန္ဒိယနိုင်ငံကနေ စတင် မြစ်ဖျားခံ စီးဆင်းလာတာဆိုတော့ အဲ့ဘက်ကို ဆက်ပြီးတော့ သွားကြည့်နေကြတယ်၊ သက်ရှိ သတ္တဝါတွေအတွက် အန္တရာယ် ပေးနိုင်တဲ့ အနေအထားတော့ မရှိသေးတာကို တွေ့ရတယ်" ဟု ၎င်းက ရှင်းပြသည်။ 

အဆိုပါ ရေမည်းမှာ သြဂုတ်လ  ၂၂ ရက်နေ့မှ စတင်ကာ ခန္တီးမြို့အနီး ချင်းတွင်းမြစ်အတွင်း တွေ့ရှိခဲ့ရာမှ ဒေသခံများ သတိထားမိခဲ့ကြောင်း၊ ရေမည်း နမူနာကို ရန်ကုန်မြို့ရှိ ရေအရင်းမြစ်ဌာနတွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာ သက်ရှိများကို ထိခိုက်စေသော ဓာတ်များ၊ စက်ပစ္စည်းများကို ထိခိုက်စေသော ဓာတ်များ ပါဝင်ကြောင်း၊ ရေမည်းတွင် အပင်နှင့် စိုက်ပျိုးရေးသုံး စက်ယန္တရားများကို ပျက်စီးစေသော သံဓာတ်၊ ရေနေသတ္တဝါများကို အဆိပ်အတောက် ဖြစ်စေသည့် အမိုနီယမ်ဓာတ် ပါဝင်မှုများခြင်းနှင့် ယင်းရေကို သောက်သုံးမိသည့် လူတို့တွင် သွေးနီဥ အားနည်းသည့် ရောဂါဖြစ်စေနိုင်သည့် နိုက်ထရိတ်ဓာတ်များ ပါဝင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးဘုန်းကျော်စိန်က ပြောကြားသည်။

  • VIA