News

POST TYPE

REGIONAL

နောင်ဖ မန်တောင်း ရေအားလျှပ်စစ်စီမံကိန်း ယခုအစိုးရ လက်ထက်တွင် ရပ်ထားမည်
08-Sep-2016
လားရှိုး၊ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အကောင်အထည်ဖော်မည့် နောင်ဖ မန်တောင်း ရေအားလျှပ်စစ် ထုတ်ယူရေး စီမံကိန်းကို ယခုအစိုးရ လက်ထက်အတွင်း ဆောင်ရွက်ခြင်း မပြုဘဲ ရပ်ထားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။

စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး လေးဦးနှင့် လားရှိုးမြို့ ဒေသခံများ တွေ့ဆုံပွဲအတွင်း ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"NLD အစိုးရသစ် လက်ထက်မှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့ စီမံကိန်းအခု ၂၀ ကို ရပ်ဆိုင်းထားခဲ့တယ်။ အဲဒီအထဲမှာ နောင်ဖ မန်တောင်း စီမံကိန်းလည်း အပါအဝင်ဖြစ်တယ်" ဟု ဦးစိုးညွန့်လွင်က ဆိုသည်။

နောင်ဖ မန်တောင်းစီမံကိန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် တာဆန်းလျံ ကျေးရွာအနီး မြောက်ဘက် တစ်မိုင်ခန့်အကွာ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် ထုတ်ယူရေး စီမံကိန်းဖြစ်သည်။

စီမံကိန်း ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများ၏အသံမှာ အဓိကကျပြီး အကျိုးထက် အပြစ်များသည့် စီမံကိန်းမျိုးကို ဆောင်ရွက်မည် မဟုတ်ကြောင်း ဦးစိုးညွန့်လွင်က ဆက်လက်ပြောဆိုသည်။  

နောင်ဖ မန်တောင်း စီမံကိန်းသည် နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အား ၁၀ ရာခိုင်နှုန်းနှင့် အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး နောင်ဖ စီမံကိန်းကြောင့် ကျေးရွာနှစ်ရွာနှင့် မန်တောင်း စီမံကိန်းကြောင့် ကျေးရွာနှစ်ရွာ ထိခိုက်နိုင်ကြောင်း နောင်ဖ မန်တောင်း စီမံကိန်းဆိုင်ရာ မှတ်တမ်းအရ သိရသည်။

ယင်းသို့ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိနိုင်သည့်အတွက် တန့်ယန်းမြို့နယ်အတွင်းရှိ စီမံကိန်း ဧရိယာအတွင်းမှ ဒေသခံများမှာ ကန့်ကွက်လျက်ရှိသည်။


  • VIA