News

POST TYPE

REGIONAL

ကျိုင်းတုံ၌ ကြည်ညိုဖွယ်မဆောင်သော သံဃာများကို စတင်စစ်ဆေး
08-Sep-2016
(ပုံစာ - မြို့မဈေးကြီးအတွင်းနှင့် ကျိုင်းတုံ-မိုင်းလားလမ်း၊ ကျိုင်းတုံ-မိုင်းခတ်လမ်းတို့တွင် ကြည်ညိုဖွယ် မဆောင်သော သံဃာများကို လိုက်လံစစ်ဆေးလျက် ရှိသည်ကို တွေ့ရစဉ်။)

ကျိုင်းတုံ၊ စက်တင်ဘာ ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မော်တော်ယာဉ် မောင်းနှင်ခြင်း၊ အလှူငွေ ကောက်ခံခြင်းတို့ ပြုလုပ်သည့် သံဃာများ အပါအဝင် ကြည်ညိုဖွယ် မဆောင်သော (သမဏသာရုပ္ပ မဖြစ်သည့်) ရဟန်းသံဃာများကို ယနေ့ (စက်တင်ဘာ ၈ ရက်) နံနက် ၈ နာရီက စတင်၍ စစ်ဆေးခဲ့ကြောင်း မြို့နယ်သံဃနာယက အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ကျိုင်းတုံမြို့နယ် အတွင်းရှိ ဈေး၊ မော်တော်ယာဉ် ဂိတ်များနှင့် လူစည်ကားရာ နေရာများတွင် ဂိုဏ်းဖွဲ့၍ အလှူငွေ ကောက်ခံခြင်း အပါအဝင် မော်တော်ယာဉ်များ ကိုယ်တိုင်မောင်းနှင်သော သံဃာများနှင့် ကြည်ညိုဖွယ် မဆောင်သော အပြုအမူများ လုပ်ဆောင်နေသည့် သံဃာများ လျော့နည်းပပျောက်စေရန် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများ ကြီးကြပ်ကာ ဌာနဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံဖြင့် စတင်စစ်ဆေးအရေးယူခြင်း ဖြစ်ကြောင်း ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဘဒ္ဒန္တသောပါက က မိန့်ကြားသည်။

(ပုံစာ - မြို့မဈေးကြီးအတွင်းနှင့် ကျိုင်းတုံ-မိုင်းလားလမ်း၊ ကျိုင်းတုံ-မိုင်းခတ်လမ်းတို့တွင် ကြည်ညိုဖွယ် မဆောင်သော သံဃာများကို လိုက်လံစစ်ဆေးလျက် ရှိသည်ကို တွေ့ရစဉ်။)

“ဒီနေ့ကစပြီး အပတ်စဉ် အဖိတ်နေ့တိုင်းမှာ မြို့မဈေးကြီးနဲ့ မြို့အဝင် မိုင်းလားလမ်းနဲ့ မိုင်းခတ်လမ်းတွေမှာ အဖွဲ့သုံးဖွဲ့ခွဲပြီး စစ်ဆေးမယ်။ ဈေးကြီးထဲမှာတော့ အလှူခံနေတဲ့ သီလရှင်တစ်ပါးနဲ့ သံဃာသုံးပါးကို တွေ့လို့ နောက်တစ်ခါ မပြုလုပ်ဖို့အတွက် ဆုံးမသြဝါဒ ပေးခဲ့ရတယ်” ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းမိုးက “ရဟန်းသံဃာတွေ အနေနဲ့ မော်တော်ယာဉ်တွေ ကိုယ်တိုင်မမောင်းဖို့နဲ့ ဝိနည်းသိက္ခာနဲ့အညီ အလှူခံထွက်ဖို့ ဆရာတော်ကြီးတွေက ညွှန်ကြားချက် ထုတ်ပြီးသားပါ။ ဒီနေ့ မနက်ပိုင်း စစ်ဆေးကြည့်တော့ မော်တော်ယာဉ် ကိုယ်တိုင်မောင်းနှင်တဲ့ ကိုယ်တော်တစ်ပါးမှ မတွေ့ခဲ့ဘူး။ စစ်ဆေးတွေ့ရှိရင်တော့ ပထမအကြိမ် သတိပေးမယ်။ ဒုတိယအကြိမ် ဆရာသမားတွေထံ အပ်နှံပြီး ဆုံးမမယ်။ တတိယအကြိမ်ဆိုရင် အရေးယူခံရမယ်လို့ သိရတယ်” ဟု ပြောကြားသည်။

(ပုံစာ - မြို့မဈေးကြီးအတွင်းနှင့် ကျိုင်းတုံ-မိုင်းလားလမ်း၊ ကျိုင်းတုံ-မိုင်းခတ်လမ်းတို့တွင် ကြည်ညိုဖွယ် မဆောင်သော သံဃာများကို လိုက်လံစစ်ဆေးလျက် ရှိသည်ကို တွေ့ရစဉ်)
ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာတော်များ ဦးဆောင်၍ ကြည်ညိုဖွယ် မဆောင်သည့် အပြုအမူများ လုပ်ဆောင်နေသော မော်တော်ယာဉ်များ ကိုယ်တိုင်မောင်းနှင်သည့် ရဟန်းသံဃာများနှင့် အလှူခံရဟန်းသံဃာများ အပါအဝင် လမ်းဘေးဈေးဆိုင်များ၌ အရက်သေစာနှင့် နေ့လွှဲညစာ စားသုံးသည့် ရဟန်းသံဃာများ ပပျောက်စေရန် ယနေ့ (စက်တင်ဘာ ၈ ရက်) မှ စတင်ပြီး မြို့မဈေးကြီးအတွင်းနှင့် ကျိုင်းတုံ-မိုင်းလားလမ်းနှင့် ကျိုင်းတုံ-မိုင်းခတ်လမ်းတို့တွင် အဖွဲ့စုံဖြင့် စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။