News

POST TYPE

REGIONAL

ဖားကန့် ရာအိမ်မှူးရွေးချယ်ပွဲ၌ ဒုရဲအုပ်တစ်ဦး သေနတ်ကိုင် ခြိမ်းခြောက်
08-Sep-2016
မြစ်ကြီးနား၊ စက်တင်ဘာ ၇

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာတွင် စက်တင်ဘာ ၆ ရက်နေ့က ပြုလုပ်သော ရာအိမ်မှူးသစ် ရွေးချယ်ပွဲအတွင်း ဒုရဲအုပ်တစ်ဦးက သေနတ်ကိုင်၍ ခြိမ်းခြောက်ခဲ့ကြောင်း   ယင်းဒေသခံများထံမှ သိရသည်။

လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာတွင် လက်ရှိရာအိမ်မှူး ဦးမျိုးတင့်အောင်ကို ဒေသခံများက မကြိုက်နှစ်သက်၍ ရာအိမ်မှူးသစ် ရွေးချယ်ပွဲ ကျင်းပရာတွင် ၎င်းနှင့်အတူ ပါလာသည့် ဒုရဲအုပ် စိုးဇော်ဇော်က ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း ယင်းရွေးချယ်ပွဲတွင် ပါဝင်သူတစ်ဦးက ပြောဆိုသည်။
“ရာအိမ်မှူး မျိုးတင့်အောင်ကို မကြိုက်လို့ ပြန်ရွေးတာ။ အဲမှာ သူ့နောက်မှာ ပါလာတဲ့ ဒုရဲအုပ်က လာခြိမ်းခြောက တာ။ ရာအိမ်မှူးတွေကို မင်းတို့ ရွေးချယ်ချင်သလို ရွေးလို့မရဘူးလို့ပြောပြီး ခြိမ်းခြောက်တာ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဒုရဲအုပ်သည် မှော်ပုံတွင် တာဝန်ကျပြီး ရောက်ရှိချိန်မှာ တစ်ပတ်သာ ရှိသေးကြောင်း၊ ယင်းကျေးရွာရှိ NLD အဖွဲ့က ဝင်ရောက်ညှိနှိုင်းခဲ့ရာတွင် ပြေလည်သွားပြီး ရဲတပ်ရင်းမှ အရာရှိတစ်ဦး လာရောက်တောင်းပန်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ကချင် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မေးမြန်းခဲ့ရာ သေနတ်ထုတ် ခြိမ်းခြောက်ခဲ့သော ဒု-ရဲအုပ်ကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“တပ်ရင်း ၁၆ က ဖြစ်တာပါ။ အဲ့ဒါနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ ဆက်လုပ်မယ်။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရလည်း အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်။ အခု အဲဒီဥပဒေနဲ့ စလုပ်နေပြီ” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဒု-ရဲအုပ်မှ ပြည်သူများအပေါ် သေနတ်ထုတ် ခြိမ်းခြောက်မှု ဖြစ်စဉ်သည် ရဲတပ်ဖွဲ့၏ ပုံရိပ်သာမက နိုင်ငံ၏ ပုံရိပ်အား ထိခိုက်စေနိုင်သောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း အနေနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဖားကန့်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဆိုသည်။

“အခုလို ပြဿနာကို အထက်အရာရှိတွေက မသိကျေးကျွန်ပြုမယ် ဆိုရင် ပြည်သူတွေဘဝက အနှိမ်ခံ ဖြစ်လာနိုင်သလို ဥပဒေစိုးမိုးမှုကိုလည်း ခြိမ်းခြောက်လာနိုင်တယ်။ ပွင့်လင်းတဲ့ အရေးယူမှုတွေ ဖြစ်လာရင် ရဲတွေအပေါ်မှာ ပြည်သူတွေက အမြင်ရှင်းလာနိုင်တယ်” ဟု ဦးဒါရှီလဆိုင်းက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ - လုံးခင်းသား