News

POST TYPE

REGIONAL

မြစ်ဆုံကြောင့် ရွှေ့ပြောင်း ခံရသူများ ဆန္ဒပြမည်
07-Sep-2016

ရန်ကုန် ၊ စက်တင်ဘာ ၇

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသော ဒေသခံ ပြည်သူများမှ သဘောထား ထုတ်ပြန်ခြင်းနှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် မီဒီယာများအား သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင် ကော်မတီထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မေခ-မလိခ မြစ်ကမ်း နံဘေးတွင် ဒေသခံ ရွာသူ ရွာသားများမှ မိမိတို့၏ သဘောထား ဆန္ဒ ထုတ်ဖော်ခြင်းနှင့် မီဒီယာများအား ရှင်းလင်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးတူးခေါင်က ပြောသည်။

“ရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ နေရာကို ကျွန်တော်တို့ ပြန်ပိုင်ဆိုင်ချင်တယ်၊ ဒါကို အားလုံးကို သိစေချင်လို့ ဒီပွဲကို လုပ်ရခြင်း ဖြစ်တယ်၊ အားလုံး ပူးပေါင်း ပါဝင်စေချင်လို့ ဒီပွဲကို လုပ်တာပါ”ဟု ၎င်းက ရှင်းပြသည်။

မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်း ခံရသော ကျေးရွာ နှစ်ရွာမှာ အောင်မြေသာရွာနှင့် ဧရာဝတီမြစ် အရှေ့ဘက်ရှိ မလိရွာတို့ဖြစ်ပြီး ယင်းကျေးရွာများတွင် နေထိုင်သူ အိမ်ခြေ လေးရာကျော်ရှိကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ပြောင်းရွှေ့ ခံရသော ကျေးရွာရှိ ဒေသခံပြည်သူများ အနေနှင့် စီမံကိန်းကြောင့် ပြောင်းရွှေ့ ခဲ့ရသော မိမိတို့၏ နယ်မြေများကို ပြန်လည် ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေကာ တာစီမံကိန်းကိုလည်း ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။

ထို သဘောထား ဆန္ဒထုတ်ပြန်ခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲသို့ ကချင်ပြည်နယ် အတွင်းရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်နေသော အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် ဒေသခံ ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင် ကော်မတီထံမှ သိရသည်။

နိုင်ငံတော် သမ္မတရုံးက ဧရာဝတီ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဆက်လက် ဆောင်ရွက်ရန် သင့် မသင့်ကို အမျိုးသား အကျိုးစီးပွားကို အခြေခံ၍ လေ့လာ သုံးသပ်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်ကို  ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်၍  ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် ၆ ဦးနှင့် ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အဖွဲ့ဝင် ၂ဝ ဦးဖြင့် သြဂုတ်လ ၁၂ ရက် ရက်နေ့တွင် စတင် ဖွဲ့စည်းပေးခဲ့သည်။

အဆိုပါ ကော်မရှင်သည် မြစ်ဆုံ စီမံကိန်း ဆက်လက် ဆောင်ရွက် သင့်၊ မသင့်ကို လေ့လာရာတွင် မြန်မာနိုင်ငံ၏ အသက် သွေးကြော တစ်ခု ဖြစ်သည့် ဧရာဝတီမြစ် ရေရှည် တည်တံ့နိုင်မှုအပေါ် အကျိုး သက်ရောက်နိုင်မှု အခြေအနေ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုအပေါ် အကျိုး သက်ရောက်နိုင်မှု အခြေအနေ၊ စီမံကိန်းများကြောင့် လူမှု ပတ်ဝန်းကျင်၊ ဂေဟစနစ် အပါအဝင် သဘာဝ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ စသည့် အချက် (၇) ချက်ကို လေ့လာ သုံးသပ် တင်ပြရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ တင်ပြရာတွင် ဒေသခံ ပြည်သူများနှင့် လူမှု အဖွဲ့အစည်းများ၏ ဧရာဝတီမြစ်အပေါ် ရင်မှာ ခံစား အလေးထားသည့် ခံစားချက်များ အပါအဝင် သဘောထား အမြင်များကို ထည့်သွင်း စဉ်းစားရန် သမ္မတက ညွှန်ကြားထားပြီး ကော်မရှင်၏ လေ့လာ သုံးသပ်မှု ပထမ အစီရင်ခံစာကို ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် အစီရင်ခံ တင်ပြရမည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

  • VIA