News

POST TYPE

REGIONAL

ဧရာဝတီ ကမ်းလွန် ထောက်ပံ့ ပို့ဆောင်ရေး စီမံကိန်း တိုင်းလွှတ်တော်သို့ တင်ပြ
07-Sep-2016

ပုသိမ်၊ စက်တင်ဘာ ၇

အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့်ကုန်ကျမည်ဟု လျာထားသည့် ငရုတ်ကောင်းဒေသ “ဧရာဝတီကမ်းလွန် ထောက်ပံ့ ပို့ဆောင်ရေး စီမံကိန်း”ကို စက်တင်ဘာ ၆ ရက်က ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

လုပ်ငန်းဆောင်ရွက်မည့် SIM ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင်သို့ ထိုအဆိုကို တင်ပြခဲ့ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က လုပ်ထုံး လုပ်နည်းနှင့်အညီ တိုင်းဒေသကြီး အစိုးရ၏ သဘောထားကို တောင်းခံလာသဖြင့် တိုင်းအစိုးရအဖွဲ့နှင့် တိုင်းလွှတ်တော်သို့ တင်ပြရခြင်း ဖြစ်သည်ဟု ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးလှကျော်က ပြောသည်။

“စီမံကိန်း ဖော်ပြချက်မှာ အကျယ်တစ်ဝင့် မပါဘူး။ အကျဉ်းချုပ်မျှသာ ဖြစ်နေပါတယ်။ ကောင်းကျိုးတွေပဲ ဖော်ပြထားတယ်။ ဘေးထွက် ဆိုးကျိုးတွေကို ဖော်ပြ မထားဘူး။ စီမံကိန်း တစ်ခုမှာ ဆိုးကျိုး၊ ကောင်းကျိုး ဆိုတာ ဒွန်တွဲနေမှာပါ။ ပြည်သူတွေရဲ့ သဘောထားက အရေးကြီးပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်သူကို ချပြပြီး သဘောထားတွေ ရယူဖို့ လိုအပ်နေပါတယ်”ဟု ငပုတောမြို့နယ် မဲဆန္ဒနယ်မြေ(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက သုံးသပ် ပြောဆိုသည်။

စီမံကိန်းနှင့် ပတ်သက်၍ အဆိုတွင် ပါဝင်သော တင်ပြချက်များတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အခန်းကဏ္ဍ၊ မြေယာ အသုံးချခွင့် ၃၀ (ခ) ကို ပြီးခဲ့သော အစိုးရဟောင်း လက်ထက်က ရယူထားခြင်း၊ မြေယာ အသုံးချခွင့်ကို အစိုးရက ခွင့်ပြုသည့်နေ့ရက်၊ မြေကြီးမြေပုံ လျှောက်ထားသော နေ့ရက်၊ အဆိုပါ မြေကြီးမြေပုံ ထုတ်ပေးသည့် နေ့ရက်နှင့် ဖြစ်စဉ်များအပေါ်၌ ကောက်ချက်ချရန် ရှိနေကြောင်း ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။

“ကျွန်တော်တို့ ဖြစ်စေချင်တာက ခရီးလုပ်ငန်းတွေ ဖြစ်စေချင်တယ်။ ဧရာဝတီတိုင်းအတွင်း သဘာဝ အလှအပတွေ ကျန်နေသေးတာ ဒီနေရာ တစ်ခုပါတယ်”ဟု ငရုတ်ကောင်းဒေသခံ ကျောင်းဆရာ ဦးထွန်းထွန်းက The Voice သို့ ပြောသည်။

တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက တင်ပြလာသည့် SIM ကုမ္ပဏီ၏ အဆိုပြုချက်ကို တိုင်းဒေသကြီး လွှတ်တော်၏ စီးပွားရေးနှင့် ကုန်ထုတ် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက လေ့လာ စိစစ်၍ တွေ့ရှိချက်များကို စက်တင်ဘာ ၂၈ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရန် တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

SIM ကုမ္မဏီသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ဖြစ်ပြီး Southem Island Group တွင် ရှိသော ကုမ္ပဏီခွဲ တစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ကမ်းလွန် ရေနံတွင်းများ၏ လိုအပ်လျက်ရှိသော ပို့ဆောင်ရေးနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် နိုင်ငံတကာ အဆင့်မီ ကမ်းလွန် ထောက်ပံ့ ပို့ဆောင်ရေး စခန်း တစ်ခု တည်ဆောက်ရန်ဖြစ်ကြောင်း အဆိုပြုလွှာတွင် ဖော်ပြပါရှိသည်။


  • VIA