News

POST TYPE

REGIONAL

ပုဂံဒေသသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန် စီစဉ်နေဟုဆို
04-Sep-2016
ညောင်ဦး၊ စက်တင်ဘာ ၄

ငလျင်ဒဏ်သင့် ပုဂံဒေသသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ရန် စီစဉ်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“လာမှာပါ။ မနေပါဘူး”ဟု ၎င်းက ဆိုသည်။

မိမိတို့လည်း ကော်မတီဖွဲ့ကာ ရှိနေသည့်အတွက် လာကြည့်မည့်အချိန် ခန့်မှန်းရန် ခက်ခဲကြောင်း၊ ပုဂံဒေသသို့ သမ္မတ ဦးထင်ကျော် လာရောက်ပြီးနောက် မနက်ဖြန် (စက်တင်ဘာ ၅ ရက်) တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ငလျင်ဒဏ်သင့် ဘုရား၊ စေတီ၊ ပုထိုးများ ပြုပြင် ထိန်းသိမ်းရာတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကူအညီကို ကျယ်ကျယ်ပြန့်ပြန့် ရယူရန် လိုအပ်ပြီး ချိတ်ဆက်ပေးမည်ဟုလည်း ပြောဆိုကြောင်း သူရဦးအောင်ကိုက ပြောသည်။

“မလောပါနဲ့၊ သေချာ အသေးစိတ် သိအောင်၊ ဒဏ်ရာအနာ တွေ့အောင် ရှာပါ။ ရှာပြီးမှ Master Plan ဆွဲပါ။ ပြီးမှ အဆင့်ဆင့်ကို အချိန်ယူ လုပ်ပါတဲ့။ အချိန်ကို ဟိုတုန်းကလို လောလောလောလောနဲ့ ခွဲတမ်း မချပါနဲ့တဲ့။ နောင်နှစ်ပေါင်း ရာထောင်ချီ ခိုင်ခန့်အောင် လုပ်ဖို့ပဲ သူ Guide Line ပေးပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားမှုကို ၎င်းက ပြောပြသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီး ထိခိုက်ခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ အတွင်းဒဏ်ရာ မည်သို့ ဖြစ်သွားသည်ကို သိရှိနိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းကာ CT Scan ဖတ်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရှိရသည်။

လက်ရှိ ပုဂံဘုရား၊ စေတီ၊ ပုထိုးများတွင် ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်း၍ အပျက်အစီးနှင့် ခြုံနွယ် ပိတ်ပေါင်း ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်နေကြောင်း ပုဂံဒေသ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

လုပ်အား ပေးနေသည့် ပရဟိတ အဖွဲ့အစည်းများထဲမှ စုစုပေါင်း လူဦးရေ ၃၀ ခန့်ကို ယူနက်စကိုမှ ပညာရှင်များက အပျက်အစီးများ စနစ်တကျ ဖယ်ရှား ရှင်းလင်း ထိန်းသိမ်းနည်းကို စက်တင်ဘာ ၉ ရက်တွင် ပို့ချပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။


  • VIA