News

POST TYPE

REGIONAL

မုံရွာဒေသထွက် ဘာကူစောင်လုပ်ငန်း ဈေးကွက်ပျောက်
11-Dec-2017 tagged as မုံရွာ


မုံရွာ၊ ဒီဇင်ဘာ ၁၀ 

တရုတ်နိုင်ငံမှ ဝင်ရောက်လာသော စောင်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဘာကူစောင်လုပ်ငန်းများသည် ယခုအခါ ဈေးကွက်ပျောက်လျက်ရှိနေပြီး စောင်လုပ်ငန်းရှင်များ ခက်ခဲစွာရပ်တည်နေရကြောင်း မုံရွာမြို့ ချည်ထည်လုပ်ငန်းရှင်များအသင်းထံမှ စုံစမ်းသိရှိရသည်။ 

မုံရွာမြို့တွင် စောင်စက်ရုံ ၁၅၀ ကျော်ဖြင့် မြန်မာပြည်၏ စောင်ဈေးကွက်ကို ၁၉၅၈ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ လွှမ်းခြုံနေရာယူခဲ့သော မုံရွာ ဘာကူစောင်လုပ်ငန်းမှာ တရုတ်နိုင်ငံမှ ၂၀ဝ၄ ခုနှစ်တွင် စတင်ဝင်ရောက်လာသော တရုတ်အမွေးပွစောင်များကြောင့် ဈေးကွက်ပျောက်ပြီး ယခုအချိန်တွင် မုံရွာမြို့ပေါ်တွင် ဘာကူစောင်စက်ရုံတစ်ရုံနှင့် နယ်တွင် ခုံ ၂၀ ခန့်သာ ကျန်ရှိတော့ကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးခင်မောင်ညိုက ပြောကြားသည်။

“တရုတ်စောင်တွေ ဝင်လာတာကြောင့် ဘာကူစောင်က ပျောက်နေပြီ။ နေကြာစောင်အဖြစ်နဲ့ အနည်းငယ်သာ ထုတ်နိုင်ပါတော့တယ်။ ဘာကူ စောင်လုပ်ငန်းရှင်တွေက တရုတ်စကပ်ပြီး ဂွမ်းစောင်ထုတ်တဲ့ လုပ်ငန်းအဖြစ် ပြောင်းလုပ်နေရတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်ပိတ်စများဖြင့် ကပ်ထားသည့် ဂွမ်းစောင်များကို မုံရွာ ချည်ထည်လုပ်ငန်းရှင် ၅၃ ဦးက ထုတ်လုပ်ကာ တစ်ထည်လျှင် ကျပ်ငါးထောင်ကျော်ဖြင့် ရှမ်းပြည်နှင့် အထက်မြန်မာနိုင်ငံတွင်သာ ဖြန့်ချိနိုင်တော့ကြောင်း၊ တရုတ်ပြည်မှ အမွေးပွစောင်များမှာ တစ်ထည်လျှင် ကျပ်တစ်သောင်းခွဲမှ နှစ်သောင်း၊ သုံးသောင်းအထိ ရှိသဖြင့် ဈေးသက်သာသည့် မုံရွာဂွမ်းစောင်များကို သုံးစွဲမှု ရှိနေသေးသော်လည်း ဘာကူစောင်များမှာမူ ပျောက်ကွယ်နေကြောင်း လုပ်ငန်းရှင်များက ပြောဆိုသည်။

ယခင် ဘာကူစောင်စက်အများစုမှာ လုပ်ငန်းများရပ်သွားပြီး လုပ်ကိုင်သူ လေးဦး ငါးဦးခန့်သာ ကျန်ရှိတော့ကြောင်း၊ ဘာကူစောင်သည် မုံရွာတွင်သာထုတ်လုပ်ကာ အညာချည်စောင်ခေါ် နှစ်နံစပ် ပခုက္ကူစောင်များကို ကျေးလက်များတွင် အသုံးများကြကြောင်း ဥက္ကဋ္ဌ ဦးခင်မောင်ညိုက ရှင်းပြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချည်ထည်လုပ်ငန်းရှင်အသင်းကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင်တည်ထောင်ထားပြီး ရန်ကုန်မှချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ နိုင်ငံခြားသွင်းကုန် အထည်အလိပ် အစားထိုးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း အဆိုပါအသင်းထံမှ သိရသည်။ 

R-08