News

POST TYPE

REGIONAL

မျိုးကြက်သွန်များအခိုးခံရ၊ ကြက်သွန်ခင်းတွင် ညစောင့်အိပ်ရ
09-Dec-2017 tagged as မုံရွာ

မုံရွာ၊  ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ကြက်သွန်ပျိုးခင်းများတွင် မျိုးကြက်သွန်ဥကြီးများ၊ ကြက်သွန်ပျိုးပင်ငယ်များကို ခိုးယူခံရ၍ တောင်သူများ ညအိပ် စောင့်နေရကြောင်း ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။

ယခုနှစ်ဆောင်းကြက်သွန် (ရေသွင်းကြက်သွန်) စိုက်ရာသီတွင် ကြက်သွန်ပျိုး ထောင်စိုက်ခင်းများမှ အပင်ငယ်များ၊ ကြက်သွန်ဥကြီးများဖြင့် မျိုးစေ့ယူရသော မျိုးစေ့စိုက်ခင်းများမှ ဥကြီးများ ညပိုင်းတွင် အခိုးခံရသဖြင့် ကြက်သွန်စိုက် တောင်သူများ ညစောင့်အိပ်နေရကြောင်း ယင်းတောင်သူများထံမှ သိရသည်။

“ကြက်သွန်ဥကြီးတွေက မျိုးစေ့ရအောင် စိုက်ကြတဲ့အခါမှာ နေ့စိုက်ထားရင် ညဘက်လာခိုးလို့ တောင်သူတွေ ညဘက် စောင့်အိပ်နေရပါတယ်၊ ရေသွင်းမထားရင်  ထိုးထားတဲ့ ကြက်သွန်ဥတွေက ခြေနဲ့ကလော်ရင် ထွက်လာတယ် တစ်ပိဿာ သုံးထောင် ရောင်းရတော့ ခိုးကြတာ၊ ပျိုးပင်ပေါက်တွေလည်း ခိုးနုတ်ကြတယ်၊ တစ်မိုက်လောက် အပင်တွေနုတ်ပြီး ပြန်စိုက်လို့ရတာကိုး”ဟု ကျောက်စစ်ပုံတောင်ရွာမှ တောင်သူ ဦးကျော်မျိုးချစ်က ပြောသည်။

ယခုနှစ်တွင် မျိုးစေ့ တစ်ပြည်လျှင် ကျပ်တစ်သိန်းဖြင့် ဈေးကြီးပေးဝယ်ယူကြရ၍ တစ်ဧကလျှင် မျိုးစေ့ ၃ ပြည် စိုက်ပျိုးရကြောင်း၊ ပျိုးထောင်ချိန်တွင် ကြက်သွန်ပျိုးခင်းများ မိုးဖျက်သဖြင့် ၃ကြိမ် ပြန်ပျိုးရပြီး ယခင်နှစ်များက မျိုးစေ့ ဈေးချို၍ ပျိုးပင်များ အလကား ပေးခဲ့ရသည့်အခြေအနေမှ ယခုနှစ်တွင် မျိုးစေ့ ဈေးကြီးသဖြင့် ပျိုးပင်နှင့်ဥကြီးများကို ခိုးယူမှုများ ကြုံနေရကြောင်း   ကျောက်စစ် ပုံမြောက်ရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခိုဇော်လတ်က ပြောသည်။

မုံရွာမြို့နယ်တွင် ကျွဲရဲ၊ တောင်ပုလူ၊ ကျောက်စစ်ပုံ၊ ခိုးသန်း၊ကံပြား၊ ရှင်ငါးဇျယ်၊ ကော်လ္လဗျ၊ အက်တော၊ မုဆိုးကုန်း၊ မင်းကုန်း၊ ကံအို၊ ပလ္လင်ကုန်းတို့တွင် ကြက်သွန် အဖြူအနီကို အဓိကထား စိုက်ပျိုးကြသည်။