News

POST TYPE

REGIONAL

ထိုင်းနိုင်ငံတွင် ယာဉ်မီးလောင် သေဆုံးခဲ့သူအချို့၏ မိသားစုများနှင့် အဆက်အသွယ်ရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၅

ထိုင်းနိုင်ငံရှိ မဲဆောက်-ဘန်ကောက် သွားရာလမ်းတွင် ကုန်တင်ကား တစ်စီးနှင့်တိုက်မိ၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၁၃ ဦးထဲမှ သေဆုံးသူအချို့၏ မိသားစုများနှင့် အဆက်အသွယ် ရရှိပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်မိုးခိုင်က ပြောကြားသည်။

သေဆုံးသူများ၏ နာရေးကို မိသားစု၏ ဆန္ဒနှင့်အညီ မီးသင်္ဂြိုလ်မည်ဖြစ်ပြီး သေဆုံးသူများ၏ DNA ကို စစ်ဆေး၍ လျော်ကြေးရရှိရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နိုဝင်ဘာလ ၂၄ ရက် နံနက် အစောပိုင်းက မဲဆောက်မြို့မှ မြန်မာအလုပ်သမား ၁၃ ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးတို့သည် မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ သွားရာလမ်းတွင် မြန်မာ အလုပ်သမားများ လိုက်ပါစီးနှင်း လာသည့် မှန်လုံယာဉ်တစ်စီး စင်ဘူရီနယ်မြေ အာရှလမ်းမပေါ်တွင် ကုန်တင်ယာဉ် တစ်စီးနှင့်တိုက်မိ၍ မီးလောင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

“မီးလောင်သေသွားတဲ့ အလုပ်သမားတွေရဲ့ ရုပ်အလောင်းတွေက ဘယ်သူဘယ်ဝါကို မသိတော့ဘူး။ အခု DNA စစ်နေတယ်။ ပထမသူတို့ မိသားစုတွေနဲ့ ဆက်သွယ်တာ နှစ်ယောက်ရပြီ။ ဒီမှာပဲ သင်္ဂြိုလ်မလား ပြန်ယူမလား မိသားစုတွေကို ဆက်သွယ်နေတယ်။ လျော်ကြေးရဖို့ ဆက်လုပ်နေတယ်”ဟု ၎င်းကဆိုသည်။

သေဆုံးသူ ၁၃ ဦးသည် မော်လမြိုင်၊ ချောင်းဆုံ၊ သထုံ၊ ညောင်လေးပင်၊ ကျောက်တံတား၊ ကျိုက်ထိုမြို့များမှဖြစ်ပြီး မိသားစုများနှင့် အဆက်အသွယ် ရရှိရန် ကြိုးစားနေကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို လက်ရှိတွင် စင်ဘူရီနယ်မြေရှိ ရဲဆေးရုံတွင် ထားရှိပြီး မိသားစုဝင်များ၏သဘောဆန္ဒအရ မီး သင်္ဂြိုလ်ရန် စီစဉ်နေကြောင်း ၎င်းက ပြောကြားသည်။

သေဆုံးသူ မြန်မာနိုင်ငံသား ၁၃ ဦးတွင် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး ငါးဦးပါဝင်ပြီး မြဝတီမြို့သို့ ပတ်စ်ပို့ သွားလုပ်ပြီး ဘန်ကောက်မြို့သို့အပြန်တွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့၏ နိုင်ငံကူးလက်မှတ် အပါအဝင် သက်သေခံမိတ္တူ အထောက်အထားများအရ တရားဝင် လုပ်သားများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယာဉ်တိမ်းမှောက်မီးလောင်မှုကြောင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း အပါအဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

J-18