News

POST TYPE

REGIONAL

မုံရွာ ငြိမ်းချမ်းရေး ချိုးငှက်စတိုးဆိုင်မှ ပစ္စည်းခိုးယူမှု အလုပ်သမား သုံးဦးကို ထောင်ဒဏ် တစ်နှစ်စီချ
17-Nov-2017 tagged as မုံရွာ


မုံရွာ၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ငြိမ်းချမ်းရေးချိုးငှက် စတိုးဆိုင်တွင်၂၀၁၆ ခုနှစ် မေလအတွင်းက ဖြစ်ပွားခဲ့သည့် ပစ္စည်းခိုးယူမှုတွင် ဆိုင်အလုပ်သမား သုံးဦးကို ထောင်ဒဏ် တစ်နှစ်စီ မြို့နယ်တရားရုံးက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ချမှတ်ခဲ့ကြောင်း မြို့နယ် တရားရုံးထံမှ သိရသည်။

အဆိုပါစတိုးဆိုင်မှ အလုပ်သမားဖြစ်သူ မဖြိုးဖြိုးဝေ၊ မောင်ဖြိုးဝေအောင်နှင့် မောင်သန်းထိုက်အောင်တို့ သုံးဦးကို မုံရွာမြို့နယ် တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၈၁ အရ ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းအမှုသည် ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းက မြို့နယ်တရားရုံးတွင် တရားလို စတိုးဆိုင်ပိုင်ရှင် ဦးလှမြင့်က စတိုးဆိုင်တွင် အလုပ် လုပ်နေသော အလုပ်သမား သုံးဦးကို ဆိုင်ရှင်၏ အဝတ်အထည်ပစ္စည်း ကျပ်သိန်း၂၆၀ ကို ခိုးယူသည်ဟုဆိုကာ တရားစွဲတင်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် တရားရုံးမှ ပြန်ကြားရေး အရာရှိက ပြောကြားသည်။

အဆိုပါ အမှုတွင် ယခုအမိန့်ချမှတ်ခြင်း ခံရသူသုံးဦးနှင့်အတူ အမျိုးသမီး အလုပ်သမားနှစ်ဦး၊ စုစုပေါင်း ငါးဦးသည် မြို့မစခန်းတွင် ၂၈ ရက်ကြာ အချုပ်ခံခဲ့ရပြီးနောက် ရဲအာမခံနှင့် လွတ်မြောက်ကာ အမှုကို မြို့နယ် တရားရုံးတင်စဉ်တွင် ထောင်ကြီးချုပ်ဖြင့် ယခု အမိန့်ချခံရသူ သုံးဦးသည် တစ်နှစ်ကျော် နေထိုင်ခဲ့ရကြောင်း အမိန့်ချသည်မှာ တစ်နှစ်ဖြစ်၍ တရားခံ သုံးဦးလုံး အချုပ်အနှောင်မှ ကင်းလွတ်ခဲ့ကြောင်း တရားခံရှေ့နေ ဦးမိုးဇော်ထွန်းက ပြောကြားသည်။

“တစ်နှစ်လို့ အမိန့်ချလိုက်တဲ့အတွက် အမျိုးသား တရားခံနှစ်ဦးက ထောင်ထဲမှာ ခုနစ်လ ပိုနေခဲ့ရတယ်။ အမှုက တရားရုံး အဆင့်ဆင့်ကို တင်နေရသည့်အတွက် ကြာနေတယ်။ ဒီအမှုမှာ တရားခံတွေ ခိုးယူတယ်ဆိုတာကို လူမျက်မြင်သက်သေ၊ CCTV သက်သေမရှိဘူး။ ခိုးယူတယ်ဆိုတာကို သံသယဖြစ်စရာ အများကြီးရှိပေမယ့် သံသယအကျိုးကို တရားခံတွေ ခံစားခွင့် မရခဲ့ဘူး။ ဒါပေမဲ့လည်း တရားရုံးအမိန့်ကို လေးစားရမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့ အမိန့်ချမှတ်ခြင်းအပေါ် ကျေနပ်ခြင်း မရှိသည့်အတွက် အယူခံတက်မည်ဖြစ်ကြောင်း မဖြိုးဖြိုးဝေက ပြောကြားသည်။

“ကျွန်မတို့အမှု စဖြစ်တော့ ရဲစခန်းမှာ ချုပ်ခံရတာ ငါးယောက်၊ အခု သုံးယောက်နဲ့ မိန်းကလေးကျောင်းသူ နှစ်ယောက် ချုပ်ခံရတယ်။ ၂၈ ရက်ပြည့်လို့ အာမခံနဲ့ လွတ်လာတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ မိန်းကလေး နှစ်ယောက်က တရားရုံးတင်တော့ မပါလာတော့ဘူး။ ကျောင်းသူတွေမို့တဲ၊့ ဒီအမှုကို ကျွန်မ မကျူးလွန်ဘူး။ မကျေနပ်လို့ အယူခံတက်ပါမယ်”ဟု ၎င်းက ဆိုသည်။

R-08

  • VIA