News

POST TYPE

REGIONAL

ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ဧက နှစ်သိန်းနီးပါး ပျက်စီး
01-Sep-2016
ပုသိမ်၊ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီးတွင် ဇူလိုင်လကုန်မှ သြဂုတ်လအတွင်းက မိုးရွာသွန်းမှုများကာ ဧရာဝတီမြစ်၊ ငဝန်မြစ်၊ တိုးမြစ်တို့ ရေကြီး ရေလျှံမှုများကြောင့် ပုသိမ်၊ ဟင်္သာတ၊ မအူပင် ၊ မြောင်းမြနှင့် ဖျာပုံခရိုင်ရှိ လယ်ဧက နှစ်သိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ လယ်မြေဧက ၃၂၅,၂၅၇ ရေကြီး နစ်မြုပ်ခဲ့သည့်အနက် လယ်မြေဧက ၁၉၇,၁၀၂ မှာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊ ပုသိမ်ခရိုင်တွင် လယ်ဧက ၁၆၁,၈၂၉ဧက ရေဝင် နစ်မြုပ်ခဲ့သည့်အနက် ၁၅၁,၇၅၄ ဧက၊ ဟင်္သာတ ခရိုင်တွင်  ၈၃,၁၄၇ နစ်မြုပ်ခဲ့သည့်အနက် ၄၉,၁၉၅ ဧက၊ မအူပင်ခရိုင်တွင်  ၄၄,၅၀၀ နစ်မြုပ်ခဲ့ပြီး ၃၃,၈၃၉ ဧကတို့မှာ လယ်မြေများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊ ယင်းအပြင် မြောင်းမြခရိုင်တွင် လယ်ဧက ၉၂၇၉ ဧက၊ ဖျာပုံခရိုင်တွင် လယ်ဧက ၂၆၅၀ ဧက ရေဝင် နစ်မြုပ်ခဲ့ပြီး  ပျက်စီးဆုံးရှုံးမှု မရှိကြောင်း  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာရင်းမျာအရ သိရှိရသည်။ 

ရေကြည်မြို့နယ်မှာ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး လယ်မြေဧက သုံးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဒုတိယ လယ်မြေအများစု ပျက်စီးဆုံးရှုံးမှုမှာ ကျောင်းကုန်းမြို့နယ်ဖြစ်ပြီး လယ်ဧက နှစ်သောင်းခွဲနီးပါး ပျက်စီးဆုံးရှုံးကြောင်း၊ တတိယ လယ်ယာမြေပျက်စီးမှု အများစုမှာ အင်္ဂပူမြို့နယ်ဖြစ်ပြီး ဧကနှစ်သောင်းကျော် ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်း က ပြောဆိုသည်။

"နစ်မြုပ်လယ်တွေ ပြန်စိုက်ဖို့ တိုင်းဒေသကြီး အစိုးရက မျိုးစပါးတင်း နှစ်သောင်းကျော် အသင့်ရှိနေပါတယ် ၊ လိုအပ်ချက်ပေါ် မူတည်ပြီး မျိုးစပါး တင်းပေါင်း ငါးသောင်းကနေ တစ်သိန်းအထိ ဖြည့်တင်းဖို့ စီမံထားပါတယ်၊ မျိုးစပါးတွေကို ရေနစ်မြုပ်တဲ့ တောင်သူတွေဆီကို  အခမဲ့ ဖြန့်ဝေသွားမှာပါ" ဟု ၎င်းက ရှင်းပြသည်။ 

မျိုးစပါး လိုအပ်ချက်ကို အခမဲ့ ဖြန့်ဝေမည်ဖြစ်၍ အဆင်ပြေသော်လည်း လယ်မြေများတွင် ရှိသောရေများကို အင်းလုပ်ငန်း လုပ်သူများက ဆည်ပိတ် ငါးဖမ်းနေခြင်းကြောင့် လယ်အတွင်းရေများ ကျန်နေသေးသဖြင့် စိုက်ပျိုးချိန်အမီ လယ်အတွင်းမှရေများ မကုန်မည်ကို စိုးရိမ်နေရကြောင်း တောင်သူများက ပြောဆိုသည်။

"အစေ့ကို ကြဲပြီး စိုက်ရမှာ ရေမရှိဖို့ လိုသလို တော်သလင်းမှာ မိုးများနိုင်တာကြောင့် လယ်ထဲကရေတွေကို ထွက်ပေါက် ပေးဖို့လိုတယ်၊ ရေထွက်ပေါက် မရှိရင် ပြန်ပေါက်လာတဲ့ စပါးပင်တွေ ရေမြုပ်ပြီး ဒုတိယအကြိမ် ပြန်ပျက်နိုင်တယ်၊ စိုက်ဖို့ အချိန်ကလည်း သိပ်မကျန်တော့ အင်း သမားတွေကို ဆည်မပိတ်ဖို့ သက်ဆိုင်ရာက ဆောင်ရွက်ပေးစေချင်တယ်"ဟု ရေကြည်မြို့နယ်မှ တောင်သူ ဦးသိန်းစိုးက ပြောဆိုသည်။


  • VIA